လောင်းလုံးတွင် စစ်တပ်က အဖိုးတန်ပစ္စည်းများ ယူပြီးနောက် အိမ်ကိုမီးရှို့

လောင်းလုံးတွင် စစ်တပ်က အဖိုးတန်ပစ္စည်းများ ယူပြီးနောက် အိမ်ကိုမီးရှို့

တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက် လာပြီး တိမ်းရှောင်သွားသည့် နေအိမ်များရှိ အဖိုးတန်ပစ္စည်းများ ယူဆောင်ပြီးနောက် နေအိမ်ကို မီးရှို့မှုများ ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ စခန်းကြီးရွာ၊ ဖွားဘုတ်ပြင်ရွာ၊ ခမောင်းတောင်ရွာ၊ ထိန်တွင်းကျေးရွာစသည့် ရွာများသို့ စစ်ကောင်စီက ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ အင်အား ၁၀၀ ဦး ကျော်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ယခုလို ကျူးလွန်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးနေတာ လဝက်လောက်ရှိပြီဗျ၊ အခုလက်ရှိမောင်းမကန်ကနေ သဘော့ဆိပ်ပြင်ကြီး ရွာအထိ ကြားမှာ အိမ်တွေမီးရှို့တယ်။ အိမ်တွေပေါ်ကတန်ဖိုးရှိ ပစ္စည်းတွေ ပရိဘောဂတွေ ရသမျှ အားလုံးယူပြီး မီးရှို့ ခဲ့တယ်။ အဲဒီပစ္စည်းတွေကို (ခလရ -၁၀၄) ကို ကားနဲ့ အခေါက်ခေါက် အခါခါ သယ်ပို့နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ စခန်းကြီးရွာ၊ ဖွား ဘုတ်ပြင်ရွာ၊ ခမောင်းတောင်ရွာ၊ ထိန်တွင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း (၈) ရွာမှ ဒေသခံစုစုပေါင်း ၅,၀၀၀ ကျော် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် လတ်တလော စစ်မှုထမ်းသင်တန်းဆင်းထားသည့် သင်တန်း သားများ ပါဝင်နေသည့်အပြင် ကျေးရွာရှိနေအိမ်အများစုကို မီးရှို့ဖျက်ဆီးခြင်းနှင့် ယခင် ရက်ပိုင်းအတွင်းက ဒေသခံ ၃ ဦးကို စစ်ကောင်စီ စစ်ကြောင်းက အကြောင်းမဲ့ပစ်သတ်လိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုရှဲဒိုးက ပြောသည်။

“အဲဒီမှာပါ၀င်တာက စစ်ကောင်စီ သတင်းပေးတွေကိုယ်တိုင်ပါတယ်။ စစ်မှုထမ်းသင်တန်း ဆင်းတွေပါတယ်။ ထား၀ယ်သားတွေများတယ်။ အဲဒီကောင်တွေကို အကြမ်းဖက်နည်း လက်တွေ့ သင်ပေးနေတဲ့ သဘောမျိုးတွေ့ရတယ်။ မီးရှို့ခံရတဲ့အိမ်တွေ တော်တော်များနေပြီ။ နောက်ပြီး ဖွားဘုတ်ပြင်ရွာ၊ မြို့ဟောင်းရွာဖက်ကို စစ်ကြောင်း တစ်ကြောင်း ရောက်နေပြီး။ ရွာတွေမှာ ပတ်မွှေနေတယ်။ မနေ့က ပြည်သူ ၃ ဦး ပစ်သတ်ခံရတယ်” ဟု ၎င်းက အတည်ပြုပြောဆိုသည်။

ဒေသတွင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် FE5 Thanintharyi ၏ လစဉ် အစီရင်ခံစာများ အရ တနင်္သာရီ တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုများအပြင် လေကြောင်းမှ အရပ်သား ပြည်သူများကို အဓိကပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံ ၆၀,၀၀၀ ဦးကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...