မကွေးတိုင်းမှာ အကြောင်းမဲ့ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ရှေ့တန်းပို့နေ

မကွေးတိုင်းမှာ အကြောင်းမဲ့ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ရှေ့တန်းပို့နေ

မကွေးတိုင်းမှာ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့လူငယ်တွေကို ရှေ့တန်းသို့ ချက်ခြင်းစေလွှတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်မှုထမ်းဖို့အတွက် မဲပေါက်တာမျိုးမဟုတ်ဘဲ ဖုန်းနဲ့ မှတ်ပုံတင်စစ်ရာကနေ ဖမ်းဆီးခံရတဲ့လူငယ်တွေကို စစ်သင်တန်းမပေးဘဲ ချက်ခြင်း ရှေ့တန်းပို့တယ်လို့ သိရပါတယ်။

“လမ်းမှာဖုန်းစစ်တယ်။ မသင်္ကာတာတွေ့ရင် ဖမ်းတယ်။ သိန်းရာနဲ့ချီတောင်းတယ်။ မပေးနိုင်ရင် တန်းရှေ့တန်းလွှတ်တာ” လို့ မကွေးမြို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မကွေးမြို့ပေါ်ကနေ တောင်တွင်းကြီးဘက်ကို သွားရာကနေ ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးလည်း ရက်သတ္တပတ် တစ်ပတ်မပြည့်ခင်မှာတင် ရခိုင်နဲ့ မကွေးအစပ် တစ်နေရာမှာ ရှေ့တန်းပါသွားတယ်လို့ အဲဒီဒေသခံတစ်ဦးကပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေပြီး ည ၈ နာရီကျော်လို့ အဖမ်းခံရရင် ချက်ခြင်း ရှေ့တန်းပို့မှာလို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်မှာတော့ စစ်ကောင်စီက နေအိမ်ထဲအထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး ငွေကျပ် သိန်း ၅၀ နဲ့အထက်ပေးမှသာ ပြန်လည်လွတ်‌မြောက်လာသူတွေရှိသလို ငွေမပေးနိုင်လို့ စစ်မှုထမ်းပါသွားသူတွေ ရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ အတွက် မဲနှိုက်ရွေးချယ်ခဲ့ပြီး စစ်မှုထမ်းမဲပေါက်သူတွေအတွက်လို့ဆိုကာ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စု တစ်ခုကို ကျပ် ၂၀၀၀၀ ကောက်ခံခဲ့ပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် မဲနှိုက်ရွေးချယ်တာတွေ မပြုလုပ်တော့ပဲ စစ်ကောင်စီလက်အောက်ခံတွေက ရွေးချယ်သူတွေကိုသာ စစ်မှုထမ်းအဖြစ် ပို့ဆောင်မယ်လို့ဆိုကာ ကျေးရွာအလိုက် တစ်အိမ်ကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၂၀၀၀၀၀ အထိ ကောက်ခံတာတွေပြုလုပ်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတွေက ပျူစောထီးတွေကို စစ်မှုထမ်းဖို့အတွက် အသုံးမပြုဘဲ လမ်းသွားလမ်းလာလူငယ်တွေကိုသာ အကြောင်းပြချက်မျိုးစုံပေးကာ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ စေလွှတ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...