တိုင်းရင်းသားလက်နက်ကိုင်တွေကိုချေမှုန်းမည့် စစ်တပ် နယ်မြေကျဉ်းလာဟု KNU ခေါင်းဆောင်ပြော

တိုင်းရင်းသားလက်နက်ကိုင်တွေကိုချေမှုန်းမည့် စစ်တပ် နယ်မြေကျဉ်းလာဟု KNU ခေါင်းဆောင်ပြော

တိုင်းရင်လက်နက်ကိုင်အဖွဲ့တို့ကို ချေမှုန်းမည်ဟု ကြွေးကြော်နေသည့် စစ်ခေါင်ဆောင်က ၎င်းတို့အတွက် နယ်မြေ ပိုကျဉ်းလာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရုပ်ပျက်ဆင်းပျက် စစ်ရှုံးနေသည့် စစ်ကောင်စီက ဟန်ရေးမပျက်အောင် တောင်ပိုင်းဘက်ကို ထိုးစစ်ဆင်ရန် ကြိုးပမ်းလာနေသည်ဟု ဆိုသည်။

“သူတို့ ဟန်ရေးမပျက်အောင်လုပ်နေတဲ့အပိုင်းလောက်ပဲလို့ ယူဆတာပေါ့နော်။ မြောက်ပိုင်းမှာ သူတို့ ရုပ်ပျက် ဆင်းပျက် ဖြစ်လာတဲ့အခါကျတော့ သူတို့ ဒီဘက်အပိုင်း(တောင်ပိုင်း)မှာ ကြိုးစားလာတဲ့သဘောလောက်ပဲရှိပါတယ်။ ဒါပေမဲ့ သူတို့ ထင်တိုင်းလည်း မဖြစ်တဲ့အနေအထားတွေလည်းအများကြီး တွေ့နေရတယ်လေ။ ဆိုကြပါစို့ အောင်ဇေယျစစ်ကြောင်းဆို သူတို့အသံတောင် ထုတ်မပြောရဲတဲ့အနေအထားရောက်သွားပြီ။ တကယ်တမ်းကျတော့လည်း သူတို့ အပြီးအပိုင် ရုတ်သိမ်းသွားတာလည်းမဟုတ်ဘူး။ ကျန်နေတဲ့ စစ်တပ်တွေက သူတို့ ဘာလုပ်လဲဆိုတော့ လက်နက်ကြီးတွေနဲ့ ရွာသားကို ဒုက္ခပေးတဲ့အဆင့်ပဲ ရှိတော့တယ်။ အဲ့တာတွေက သူတို့ ပြည်သူတွေကို နစ်နာအောင်လုပ်လေလေ သူတို့အတွက် အရှုံးပိုများလေလေပဲ” ဟု ပဒိုစောတောနီးက ပြောသည်။

KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက ဇူလိုင်လဆန်းကတည်းက စစ်အင်အားတိုးချဲ့လာနေသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း အခြေအနေမဟန်သည့်အနေအထားရှိနေသည်ဟုလည်း ပဒိုစောတောနီးက ဆက်ပြောသည်။

၎င်းက “အခြေအနေကတော့ သိတဲ့အတိုင်းပဲလေ ဘယ်နေရာမှာမှ သိပ်ပြီးတော့မဟန်တော့ဘူးလေ အဲ့ဒီအမှတ် ၈ လမ်းမကြီးတလျှောက်မှာလဲ တပ်တွေ ပြန်ရုတ်သွားတယ်။ ဒီတပ်တွေကို ခိုင်ခိုင်မာမာနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့နေတဲ့လမ်းကြောင်းကလည်း တော်တော်ဟာနေတဲ့ အနေအထားမှာရှိတယ်၊ နောက်တစ်ချက်ကတော့ နေရာပေါင်းစုံမှာ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတော့ ဒါကလည်း သူတို့လုပ်စရာရှိတာ လုပ်တာပဲလေ။ ကျွန်တော်တို့လည်း ကိုယ့်နယ်မြေ ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ကလည်း အစွမ်းကုန်ကြိုးစားနေတာလေနော်” ဟု ပြောသည်။

လက်ရှိတွင် စစ်မှူးထမ်းသင်တန်းဆင်းတပ်သားများနှင့် မြဝတီဘက်က ပြန်ရုတ်သိမ်းလာသည့် အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကောင်စီက တောင်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

အဖက်ဖက်က ကျရှုံးနေသည့် စစ်ကောင်စီက လက်ရှိတွင် ပြည်သူလူထုကို ဦးတည်တိုက်ခိုက်လာနေကြောင်းလည်း KNU ခေါင်းဆောင်က ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင်တိုက်ခိုက်နေသည်ကို လက်ခံ၍မရကြောင်းနှင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရသည်အထိ ဆက်လက်ကြိုးပမ်းမည်ဟု ဩဂုတ်လပထမအပတ်က ပြောဆိုထားသည်။

Most read this week

February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...