တကောင်းနီကယ်စက်ရုံအနီးက စစ်ကောင်စီရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

တကောင်းနီကယ်စက်ရုံအနီးက စစ်ကောင်စီရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တရုတ်ကုမ္ပဏီပိုင်တကောင်းနီကယ်စက်ရုံအနီးက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီရဲကင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက မနေ့က ညနေ(၆)နာရီဝန်းကျင်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

ရဲကင်းတိုက်ခိုက်ခံရမှုကြောင့်  ရဲတပ်ဖွဲ့ဝင်များက နီကယ်စက်ရုံဝန်းအတွင်းက အလုပ်သမားတန်းလျားသို့   ဝင်ရောက်ပြောင်းရွှေ့နေရာယူသွားတယ်လို့ အနီးနေထိုင်သူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

“ အလုပ်သမားတန်းလျားထဲကို စစ်တပ်တွေကနေရာဝင်ယူတာ  အဲ့ဒီမှာရှိတဲ့ အလုပ်သမားတန်းလျားထဲက အလုပ်သမားတွေနဲ့ မိသားစုတွေကတော့ စက်ရုံထဲကိုရွှေ့သွားကြတယ်” လို့ ၎င်းကဆိုပါတယ်။

အခုလိုမတိုက်ခိုက်ခင် မနက်ပိုင်းအချိန်မှာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်နက်ချအညံ့ခံဖို့  ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်သတိပေးမှုတွေ  ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်ကပြန်လည်တုံ့ပြန်မှုမရှိတာကြောင့်   ညနေပိုင်းတွင်  ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တကောင်းနီကယ်စက်ရုံဝန်းထဲ ရဲတပ်ဖွဲ့များနေရာမယူခင် နှစ်ဦးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ အနည်းငယ်ဖြစ်ပွားခဲ့ပြီး  နေရာယူပြီးညပိုင်းအချိန်မှာတော့ ပစ်ခတ်သံများ မကြားရတော့ကြောင်း သူကဆက်ပြောပြပါတယ်။

“ စစ်ကောင်စီတပ်က ဟိုထဲကိုဝင်သွားတာဆိုတော့ မှန်းလို့တော့မရဘူး တရုတ်စက်ဝန်းထဲဆိုတော့ သူတို့(PDF)က ဝင်တိုက်မလား မဝင်တိုက်ဘူးလားတော့ မသိတတ်တော့ဘူး” ဟု ၎င်းကဆက်ပြောပြပါတယ်။

ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဆုံးရှူံးမှုများကိုတော့ သိရှိနိုင်ခြင်းမရှိသေးပါဘူး။  

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ်စက်ရုံရှိ ဓာတ်အားပေးလိုင်းများကို  HPDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖောက်ခွဲခဲ့တာကြောင့် လအနည်းငယ်ကြေးနီတူးဖော်မှု ရပ်နားခဲ့ရပြီး လုပ်ငန်းပြန်လည်လည်ပတ်နေတာ တစ်နှစ်ကျော်ခန့်ရှိလာပြီလည်း ဖြစ်ပါတယ်။

တကောင်းနီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကစပြီး အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားတဲ့စနစ်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...