စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သူများ နုတ်ထွက်ပေးရန် KNU ဒူးပလာယာခရိုင် အသိပေး၊ လိုက်နာမှုမရှိပါက အရေးယူမည်ဟု သတိပေး

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သူများ နုတ်ထွက်ပေးရန် KNU ဒူးပလာယာခရိုင် အသိပေး၊ လိုက်နာမှုမရှိပါက အရေးယူမည်ဟု သတိပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲတွင် အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှု မရှိစေရန်အတွက် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ အသီးသီးတွင် ပူးပေါင်း လုပ်ဆောင်သူများအားလုံး ခရိုင်အတွင်းမှ ပြောင်းရွှေ့ပေးရန် ဒူးပလာယာခရိုင်က  ယနေ့ ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်သူများကြောင့် လက်ရှိအချိန်တွင် ဒူးပလာယာခရိုင်အတွင်းရှိ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ရှုပ်ထွေး မှုများရှိဖြစ်ပေါ်နေသည့်အတွက် စစ်ကောင်စီ (SAC) လက်အောက်ရှိ အမှုထမ်းသည့် ဝန်ထမ်းများအားလုံး နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ ပေးခြင်း(သို့မဟုတ်)မိမိတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းများပြုလုပ်ပေးနိုင်ကြောင်းလည်း  ကေအဲန်ယူ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကေအဲန်ယူ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်တည်ဆောက်ရန်လျှောက်လှမ်းသည့်အချိန်တွင် ဒေသထဲတွင် စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများရှိနေသောကြောင့် အချို့အုပ်ချုပ် ရေးလုပ်ငန်းဆောင်ရွက်သည့်အခါတွင် ရှုပ်ထွေးမှုများ ရှိလာသည့်အတွက်  ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးဌာနဘက်မှ ဆိုသည်။

“ကျနော်တို့က ဒီမိုကရေစီ ဖက်ဒရယ်သွားမယ်ဆိုတဲ့အခါမှာ စကစနဲ့ ပူပေါင်းလုပ် ဆောင်တဲ့အကြွင်း အကျန်ရှိနေတော့ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ရှုပ်ထွေး လာတာရှိတယ်။ အဲဒါကြောင့် စကစနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ မရှိဖို့ ပြီးတော့ကျနော်တို့က စစ်ကောင်စီကို ပြန်တော်လှန်တာဖြစ်တာကြောင့် စစ်ကောင်စီမြန်မြန်ကျရှုံးဖို့လိုတဲ့အတွက် ကျနော်တို့နဲ့ပူးပေါင်းလုပ်ဆောင်ရင်တော့အကောင်းဆုံးပဲပေါ့”ဟု ဒူးပ လာယာခရိုင် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် ဒူးပလာယာခရိုင်ထဲတွင် စစ်ကောင်စီကို အားပေးခြင်း၊ ထောက်ခံခြင်း၊ ကူညီပေးသည့် မည်သည့် လုပ်ဆောင်မှုမျိုးမဆို လုပ်ဆောင်ခြင်း မပြုလုပ်ရန်ကိုလည်း ထုတ်ပြန်ချက်ထဲတွင် သတိပေး ထားကာ ထိုထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိပါက ဒူးပလာယာခရိုင် တပ်မဟာ(၆)အနေဖြင့် အဆင့်ဆင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ဒူးပလာယာခရိုင်ထဲရှိ ကော့ကရိတ်၊ နို့တကော၊ ကျုံဒိုးနှင့် ဝင်းရေးမြို့နယ်စသည့် မြို့နယ်များတွင် စစ်ကောင်စီဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဝန်ထမ်းများ ရှိနေသေးသည့်အတွက် ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ခရိုင်ပြန်ကြားရေးဌာနထံမှ သိရသည်။

July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...
July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...