မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက်

မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက်

ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး ဗျူဟာကုန်း၊ ခလရ ၁၄၀ တပ်ရင်းနှင့် အခြားသော စစ်ကောင်စီတပ်စခန်းများ ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

“၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army(YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်က ခမရ ၃၀၄ တပ်ရင်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းညီနောင်က  ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် သိမ်း ယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ချင်းညီနောင်ကဆိုသည်။

ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှထောက်ပံ့ပေးလျှက်ရှိသော ထောက်ပို့ပြည်သူများ နှင့် ထိုးစစ်များတွင်ပါဝင်ခဲ့သောစစ်သည်တော်များအားလုံး၏ ပြောင်မြောက်သောတိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့် နာခံမှုတို့အပေါ် လေးနက်စွာအသိမှတ်ပြုကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင်လေးစားအသိမှတ်ပြုအပ်ပါသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများမှ ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာဖော်ပြထား သည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တုန်းကလည်း ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီစခန်းများဖြစ်သည့် EPC လျှပ်စစ်ရုံး နှင့် တာဝါတိုင်ရုံးစခန်းကုန်း ၂ ခုအား အပြီးသတ်သိမ်းယူခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၉ ဦးကိုအရှင်ဖမ်းဆီးရမိကာ လက်နက်ကြီးလက်နက်ငယ် ၁၇ လက်သိမ်းဆည်းရမိသည်ဟု ချင်းညီနောင်ကထုတ်ပြန်သည်။

May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...