မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး

မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး

ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“မိုးမောက်က မြို့တွင်းမှာရှိတဲ့ စစ်သားတွေကိုတော့ ရှင်းလင်းနိုင်သလောက်ရှိသွားပြီ။ အခုက ၄၃၇ တပ်ရင်းထဲမှာရှိနေသေးတာကြောင့် တိုက်ပွဲက ရပ်မသွားဘူးဆက်ဖြစ်နေသေးတယ်။ ဒီမနက်က ကြံခင်းရှိတဲ့ ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုးမောက်မြို့တွင်းရပ်ကွက် လူနေအိမ်တစ်ချို့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းတွေမှာ လက်နက်ကြီးတွေနဲ့အထိုင်ချထားပြီး နေရာယူထားတာကြောင့် KIA တပ်တွေက ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြို့တွင်းနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းလိုက်နိုင်ပြီး ကျန်ရှိနေသေးတဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ၃ ရက်မြောက်ကြာတဲ့အထိ တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။

အလားတူ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ကာကင်းတပ်စခန်းအကြီးဖြစ်တဲ့ ဝလောင်လ(Walawng La)တပ်စခန်းကို KIA က သိမ်းပိုက်ထားနိုင်ပြီး မတ်လ ၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ တပ်စခန်းတစ်ခုလုံးရှင်းလင်းရေးဆောင်ရွက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

“မံစီက မြို့ပြင်အနီးကုန်းက အဓိက အရေးပါတဲ့ ကာကင်းတပ်စခန်းကြီးကို သိမ်းပိုက်ထားပြီ။ သိမ်းပိုက်ထားနိုင်လို့ ဒီကနေ့ မနက်က ရှင်းလင်းရေးလုပ်ဆောင်နေတယ်။ အခုက တပ်စခန်းအကြီးတွေဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကိုတော့ KIA က သွားပစ်တာမရှိသေးဘူး”လို့ပြောပါတယ်။

KIA တပ်ဘက်က မံစီမြို့ကို ထိန်းချုပ်ထားတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ မံစီမြို့တွင်းတပ် ခမရ ၆၀၁ တပ်ရင်းနဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို သွားရောက်ပစ်ခတ်တာမရှိသေးဘူးလို့ဆိုပါတယ်။

ခုလို KIA ဘက်က မံစီမြို့မှာရှိတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးမောက်နဲ့ မံစီမြို့  ၂ ခုစလုံးဟာ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ထိခိုက်ပျက်စီးတာတွေ၊ ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတာတွေလည်းရှိနေပါတယ်။

ဒါပေမယ့် စစ်တပ်ဘက်က ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေနေအသေးစိတ်ကို ဆက်သွယ်မေမြန်းဖို့ ခက်ခဲဖြစ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မြို့တွင်းတိုက်ပွဲဟာ ဗန်းမောက်မြို့ပေါ်ဘက်ကို ဦးတည်လာနေပြီး ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာသာ တိုက်ပွဲရောက်ရှိလာနေတာကြောင့် ဗန်းမော်မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဗန်မော်ဒေသခံတွေက မေလ ၉ ရက်နေ့ ဒီနေ့ကစပြီး ရရာလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို အမြှောက်လက်နက်ကြီးတွေ မရပ်မနားပစ်နေတာ ခုတိုက်ပွဲဖြစ်တာကလည်း ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာပဲဖြစ်နေကြပြီ။ ကျနော်တို့ ပြည်သူတွေ အချင်းအချင်းတောင်မတွေ့ဖြစ်ကြတော့ဘူး။ တောလမ်းနဲ့ ရရာအကုန်ထွက်ပြေးကြကုန်ပြီ”လို့ပြောပါတယ်။

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီ မြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်လောက်ကြာမြင့်လာပြီလို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက မိုးမောက်နဲ့ မံစီမြို့တွင်းနေရာတွေမှာတင်မဟုတ်ဘဲ ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာတင် ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဗန်းမော်ဒေသခံတွေက ရရာလမ်းနဲ့ ထွက်ပြေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...