ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော

ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော

ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။

မေလ ၅ ရက်နေ့မှ  မေလ ၆ ရက်နေ့ထိ KIA တပ်မဟာ ၅ နယ်မြေ ကဇူးကျေးရွာနဲ့ မလိယန်ကြား ဒဘတ်ချောင်းဖျားပိုင်း တရုတ်နယ်စပ်နဲ့ တောင်ကုန်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဂိဒုန်တပ်စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို KIA နဲ့ KPDF၊AA ပူးပေါင်းတပ်ဖွဲ့ဘက်က အပြီးသတ်သိမ်းပိုက် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

 “ မနေ့ကတည်းက သိမ်းတယ် ဒီနေ့ထိဆိုရင် စခန်းပေါင်း ၁၀ ခုကျော်ရှိမယ်။ ဒီနေ့ထိ ဆက်တိုက်ပဲ။ ဂိဒုန်(Gidon)စခန်းနဲ့ အင်ခမ်(Nhkam)စခန်းကို ဒီမနက်မှာ ရှင်းလင်းရေးလုပ်တယ်။ ပြီးရင် ဒဘတ်ချောင်းမြောက်ဘက် KIA တပ်ရင်း ၃ ထဲက ငါ့ဂယန်(Ngagyang) စတဲ့ အရေးပါစခန်းကြီးတွေကို သိမ်းလိုက်တယ်။” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။  

ကဇူးကျေးရွာနဲ့ မလိယန်ကြား အရှေ့ဘက် တောင်ကုန်းတစ်လျှောက်ရှိ အင်ခရမ်(Nhkram)၊ ကဂမ်( kagam)၊ ဆမား (Sama)၊ ငါ့ဂယန် (Nga gyang)၊ ဂိဒုန်(Gidon) နဲ့ တစ်ရုတ်နယ်စပ်ဘက်က ပုန်းလိန်စတဲ့ စစ်ကောင်စီရဲ့ အဓိက အရေးပါတဲ့ ဗျူဟာမြောက် ခြေကုတ်စခန်းကြီးတွေနဲ့အတူ စခန်းကြီး၊စခန်းငယ် စုစုပေါင်း ၁၀ ခုကျော် သိမ်းလိုက်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက တစ်နေ့ထဲမှာပဲ စခန်းတွေဆက်တိုက် လက်လွတ်ဆုံးရှုံးလိုက်ရတဲ့တွက် ဂျက်ဖိုက်တာ၊ Y12 စတဲ့တိုက်လေယာဉ် ၅ စီးလောက်နဲ့  မနေ့က တစ်ရက်အတွင်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအများပိုင်းထွက်ပြေးသွားတာကြောင့် လက်ရှိ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က အရင်လိုပဲ လေကြောင်းကနေပစ်တယ်။ တော်တော်တော့ ခုခံတယ်။ ဒါပေမဲ့ မခုခံနိုင်တော့လို့ အားလုံးထွက်ပြေးသွားတယ်။ ဘယ်ဘက်ထွက်ပြေးသွားကြတယ်မသိဘူး၊ အခုလည်း အဲဒီတောင်ကုန်းတပ်စခန်းတွေကနေ ထွက်ပြေးသွားသူတွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။  

အင်ခမ်( Nhkram) ၊ကဂမ်တောင်(Kagam bum)တွေမှာ ယခင်က KIA ဘက်က စခန်းချနေခဲ့ရာ လွန်ခဲ့တဲ့ ၂၀၁၁၊၂၀၁၂ ခုနှစ်ကစပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီနေရာတစ်ကြောက တောင်ကုန်းတစ်ခုလုံး စစ်တပ်က နေရာယူလိုက်တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ KIA ရဲ့နောက်ဆုံးလက်ကျန် ဂိဒုန်စခန်းကုန်း( Gidon Post) ကိုပါ စစ်တပ်ဘက်က အင်အားအလုံးအရင်း စတေးခံပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သွားတာဖြစ်ပါတယ်။

KIA ဆီက ရယူထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမြောက် တောင်ကုန်းစခန်းကြီးတွေကို ဆယ်စုနှစ်အကြာမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြန်တိုက်ခိုက်သိမ်းပိုက် ရယူလိုက်နိုင်တာ ဖြစ်ပါတယ်။

လက်ရှိ KIA တပ်မဟာ ၅၊ တပ်ရင်း ၃ နယ်မြေထဲက  လိုင်ဖောင်(Laihpawng bum) စခန်းကြီးနဲ့ စစ်တပ်စခန်းတွေကို ဆက်လက်တိုက်ထုတ် ရှင်းလင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး လက်ရှိအချိန် မြို့ပေါင်း ၅ ခုထက်နည်း သိမ်းပိုက်လိုက်ပြီး စစ်တပ်စခန်းပေါင်း ၈၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...
April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...