တော်လှန်ရေး ၃ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကိုသုတ်သင်ရှင်းလင်းဟု CNO/CNDF ပြော၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၁၇၀ ကျော်တွင် CNDF ရဲဘော် ၄၀ ကျော် မသန်စွမ်းဖြစ်ခဲ့ရ

တော်လှန်ရေး ၃ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကိုသုတ်သင်ရှင်းလင်းဟု CNO/CNDF ပြော၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၁၇၀ ကျော်တွင် CNDF ရဲဘော် ၄၀ ကျော် မသန်စွမ်းဖြစ်ခဲ့ရ

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF အနေဖြင့် တော်လှန်ရေး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်ဆင်နွှဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကို သုတ်သင်ရှင်းလင်း နိုင်ခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

“စစ်ကောင်စီဖက်အသေအကြေကတော့ ၃ နှစ်အတွင်းမှာ အတိအကျကြီး ပြောလို့တော့ မရပေမယ့် ခန့်မှန်းခြေက ၇၀၀ နဲ့ ၁၀၀၀ ကြားတော့ သေကြပါလိမ့်မယ်”ဟု ဆလိုင်းကျုံးငိုင်က ပြောသည်။

နွေဦးတော်လှန်ရေး ၃ နှစ်ကာလအတွင်း စခန်းသိမ်းတိုက်ပွဲ ၉ ကြိမ် အပါအဝင် ၁၇၀ ကျော်သော တိုက်ပွဲများအတွင်း ကျဆုံးရဲဘော် အပါအဝင် အမျိုးသားတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသူ CNDF ရဲဘော် ၄၈ ဦးရှိခဲ့ပြီး မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၄၂ ဦးထိ ရှိခဲ့သည်ဟုသိရသည်။

တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့ရာမှ မျက်စီကွယ်သွားသော ရဲဘော်များ ကို မျက်မမြင်ကျောင်း ထားပေးခြင်း၊ ရဲဘော်များကို ခြေတု လက်တုများ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါး ကုသမှုများကို ပြုလုပ်ပေးနေကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

“မျက်မမြင်တဲ့ ရဲဘော်တွေကို မျက်မမြင်ကျောင်းထားပေးပြီး အသက်မွေးဝမ်းကျောင်းနိုင်တဲ့အထိ ကျောင်းထားပေး တာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ခြေတု၊လက်တု တပ်ဆင်ပေးတာမျိုးတွေ လုပ်နေပါတယ်။ ခြေလက်အင်္ဂါ မစုံတဲ့ သူတွေကိုတော့ သူတို့ တာဝန်ထမ်းဆောင်ချင်ရင် သူတို့နဲ့ သင့်တော်တဲ့ ဌာနမှာ ပြန်လည် တာဝန်ထမ်းဆောင်စေပါ တယ်” ဟု သူက ပြောသည်။

မျက်မမြင်ရဲဘော်များအတွက် ကျောင်းထားပေးသည့် စရိတ်များ၊ ခြေတုလက်တု တပ်ဆင်ပေးရန်နှင့် ဆေးဝါးကုသရန် ကုန်ကျစရိတ်များ ရှိနေသည့်အတွက် ငွေကြေးထောက်ပံ့မှုများလည်း လိုအပ်နေကြောင်း သိရသည်။

CNO/CNDF သည် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသများတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်သူ့အုပ်ချုပ်ရေးစနစ်များကို အကောင်အထည်ဖော်ခဲ့ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်စောင့်ရှောက်ရေးများကို တပိုင်တနိုင် ဆောင်ရွက်လာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘေးရန်နှင့် ချင်းမျိုးနွယ်စုများအကြား စည်းလုံးမှု ပြိုကွဲစေရန် သွေးထိုးနေသူများ၏ ဘေးရန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းကာကွယ်နေကြောင်း CNO/CNDF ထုတ်ပြန်ပါသည်။

ချင်းညီနောင်မှတဆင့် ချင်ပြည်စုစည်းတည်ထောင်ပြီး ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး CRPH၊ NUCC၊ NUG ၊ ICNCC တို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EROs) များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားများ၏ အကျိုးစီးပွားကာကွယ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ပူးပေါင်းထိုင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ စစ်ကောင်စီအပါအဝင် မည်ကဲ့သို့သော အာဏာရှင်မျိုးကိုမဆို တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း CNO/CNDF က ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...