Nlung Hka ပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း

Nlung Hka ပြည်သူ့စစ်တပ်စခန်းကို KIA အပြီးသတ်ရှင်းလင်း
KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာက အင်လုန်ခ ပြည်သူ့စစ်တပ်စခန်း
KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာက အင်လုန်ခ ပြည်သူ့စစ်တပ်စခန်း

စစ်ကောင်စီလက်အောက် ဦးရွှေမင်းပြည်သူ့အဖွဲ့ အခြေစိုက်ထားတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာ အင်လုန်ခ (Nlung Hka) ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက အပြီးသတ်ရှင်းလင်းပြီး ထိန်းချုပ်ထားနိုင်ပြီလို့သိရပါတယ်။

မတ်လ ၇ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ KIA ပူးပေါင်းတပ်တွေက အင်လုန်ခပြည်သူ့စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီလောက်မှာ တပ်စခန်းအတွင်းဝင်ရောက်နိုင်ခဲ့ပြီး အပြီး သတ်ရှင်းလင်းခဲ့ကြတယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“တပ်စခန်းမှာက ပြည်သူ့စစ်တပ်သားတွေက ၃၊ ၄ ယောက်ပုန်းခိုပြီး ကျန်ရှိနေတာဖြစ်တယ်။ အဲဒါကို အကုန်ရှင်းလင်းလိုက်ပြီ။ KIA အဖွဲ့တွေက အင်လုန်ခတံတားရဲ့ တစ်ဖက်ကမ်းမှာ မနေ့ကနေ ရောက်ရှိနေကြတာဟုတ်တယ်။ ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ တပ်ထဲဝင်ရောက်နိုင်ကြတယ်။ KIA တပ်တွေက အဲထဲမှာရှိနေပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေက မနေ့က ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့စစ်တပ်စခန်းထဲဝင်ရောက်ခြင်းမရှိဘဲ အင်လုန်ခတံတားရဲ့တစ်ဖက်ကမ်းမှာရှိနေပြီးတော့ ဒီကနေ့မှာဝင်ရောက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လက်ရှိ KIA ပူးပေါင်းတပ်တွေက ပြည်သူ့စစ်တပ်စခန်းထဲကျန်ရှိနေတဲ့ ပြည်သူ့စစ်တပ်သားတစ်ချို့ကို ဖမ်းဆီးရမိပြီး စခန်းအတွင်းရှိ လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

အင်လုန်ခပြည်သူ့စစ်တပ်စခန်းဟာ ဝိုင်းမော်မြို့နယ်ထဲမှာ တပ်ချထားတဲ့ ရွှေမင်းပြည်သူ့စစ်တွေရဲ့ အကြီးဆုံးတပ်စခန်း ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အင်အား ၂၀ နဲ့ ၃၀ ကြား ပုံမှန်ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။

ဒီပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကိုယ်တိုင်လည်း မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KIA ရဲ့ တိုက်ခိုက်တာခံရတာကြောင့် သေဆုံးသွားပြီဖြစ်ပါတယ်။

အခုလို ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးမှုဖြစ်ပွားခဲ့တာဟာ ရွှေညောင်ပင်နဲ့ အင်လုန်ခ ပြည်သူ့စစ်တပ်စခန်း ၂ နေရာမှာ တပြိုင်နက် တိုက်ပွဲဖြစ်ပွားလာတာကြောင့် မြစ်ကြီးနားဘက်သွားတဲ့ ခါးရှီကျေးရွာအနီးမှာ ဦးရွှေမင်းပါရှိတဲ့ ကားကို KIA က တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းမရှိတော့တဲ့အပြင် တပ်စခန်းနေရာကိုလည်း KIA က တိုက်ခိုက်သိမ်းထားတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ အောင်မြေ(၁) ပြည်သူ့စစ်တပ်စခန်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုရှိတဲ့ အထဲကနေ အောင်မြေ(၁) တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာကြောင့် လက်ရှိမှာ ဝူယာန်ပြည်သူ့စစ်တပ်စခန်းသာကျန်ရှိနေတာဖြစ်ပါတယ်။

Most read this week

January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...