ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး

ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး
ဓာတ်ပုံ- ဦးရွှေမင်း
ဓာတ်ပုံ- ဦးရွှေမင်း

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခံလိုက်တဲ့အတွက် ဦးရွှေမင်းပွဲချင်းပြီး သေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဦးရွှေမင်းဟာ ရွှေညောင်ပင်ကျေးရွာ ခမရ  ၃၂၁ စခန်းမှာ နေထိုင်တာဖြစ်ပြီး မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက် ၆နာရီမှာ မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်လာတဲ့တွက် မြစ်ကြီးနားဘက်ကို အိမ်စီးကားနဲ့ ထွက်ပြေးသွားချိန် ဝိုင်းမော်မြို့မရောက်ခင် ခါးရှီ ကျေးရွာအဝင်မှာ KIA ဘက်က တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

“ဒီမနက် ရွှေညောင်ပင် ၃၂၁ ကို  သွားတိုက်တော့ ရွှေမင်းအဖွဲ့က မြစ်ကြီးနားဘက်ကို အိမ်စီးကားနဲ့ပြေးတာ အဲဒါ ခါးရှီ KIA ရင်း ၃ အဖွဲ့က စောင့်ပြီး တိုက်ခိုက်တာဟုတ်တယ်။ အဲမှာ ကားမှာပါလာတဲ့ပြည်သူ့စစ်အားလုံးသေတယ်။ ကားကိုလည်း မီးရှို့ဖျက်ဆီးပေးလိုက်တယ်” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဦးရွှေမင်းရဲ့ အိမ်စီးကားပစ်ခံရတဲ့ ရုပ်သံထဲမှာတော့ ရွှေမင်းအပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နောက်ထပ် ၂ လုံးသေဆုံးနေတဲ့ ရုပ်အလောင်းကိုတွေ့ရတာလည်းဖြစ်ပါတယ်။

သူကိုယ်တိုင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီတည်ထောင်ကာ  LNDP နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး NLD အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ လီဆူပြည်သူ့စစ်ဖွဲ့စည်းပြီး  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ်လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် အနိုင်ရထားသူဖြစ်ပါတယ်။

ပြည်သူ့စစ် စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး KIA ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကိုလည်း ပုံမှန်ကျင်းပခဲ့တဲ့အပြင် ၂၀၁၉ မှာလည်း KIA ကေအိုင်အေကို အမြစ်ဖြတ်ချေမှုန်းဖို့ တောင်းဆိုတဲ့ တပ်မတော်ကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်လက်အောက် ပြည်သူ့စစ်ဖွဲ့အဖြစ် အခိုင်မာရပ်တည်နေပြီး ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့နယ် တာလောကြီး၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်အပါအဝင် နေရာဒေသအတော်များများမှာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ် ဒေသတွင်းရော၊ ရှေ့တန်းစစ်မြေပြင်တွေမှာပါ ပါဝင်လာပါတယ်။

အလားတူဘဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာတော့  လီဆူမျိုးနွယ်စုဝင်တွေအနေနဲ့  လီဆူလူမျိုးတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို လက်နက်ကိုင်ကာကွယ်ရန်အတွက် တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်စစ်မှုထမ်းရမမယ်လို့ ထုတ်ပြန်ခဲ့ပြီး  နေအိမ်အထိ တပ်သားစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒါ့ပေမယ့် ရွှေမင်းပြည်သူ့စစ်အဖွဲ့ကို လီဆူမျိုးနွယ်စုဝင် အားလုံးနီးပါးက လက်မခံကြသလို လီဆူအမေရိကန်အဖွဲ့ချုပ် ကလည်း လီဆူတစ်မျိုးသားလုံးနဲ့ မသက်ဆိုင်ကြောင်း သဘောထားထုတ်ပြန်တာလည်းရှိခဲ့ပါတယ်။ ဦးရွှေမင်းရဲ့ တစ်အိမ်တစ်ယောက်တပ်သား မလုပ်မနေရ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လီဆူလူငယ်တွေဟာ ပြည်ပထွက်သူတွေ များလာတယ်လို့ သိရပါတယ်။

ဦး ရွှေမင်းဟာ ယခင်က ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K မှာ တာဝန်ထမ်းဆောင်ခဲ့သူဘဲဖြစ်ပြီး စစ်ကောင်စီက ချီးမြှင့်တဲ့ သီရိပျံချီဘွဲ့ကို ရထားသူလည်းဖြစ်ပါတယ်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...