တာမခံတပ်စခန်းကို KIA က ပိတ်ဆို့တိုက်ခိုက်နေ

တာမခံတပ်စခန်းကို KIA က ပိတ်ဆို့တိုက်ခိုက်နေ
ဖားကန့်မြို့နယ် တာမခံရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မြင်ကွင်း
ဖားကန့်မြို့နယ် တာမခံရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မြင်ကွင်း

ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ပိတ်ဆို့တိုက်ခိုက်နေတဲ့ တာမခံစစ်ကောင်စီတပ်ခန်းကို အလုံးစုံ လက်မလွတ်ရေးအတွက် စစ်တပ်ဖက်ကလည်း လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်ည ၉ နာရီလောက်မှာ Y -12 အမျိုးအစား လေယာဉ်အပြင် ဂျက်လေယာဉ် ၂ စီးနဲ့ စုစုပေါင်း ဗုံးအလုံးရေ ၆၀ ထက်မနည်း လာရောက်ဗုံးကျဲခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

“မနေ့ည လာတဲ့ စစ်တပ်လေယာဉ်က ၃ စီးရှိတယ်။ အဲထဲမှာ Y – 12 လေယာဉ်အမျိုးအစားက ဗုံးကျဲလေယာဉ်ဟုတ်တယ်။ ဗုံးအလုံးရေကို တစ်လုံးပြီး တစ်လုံးချတာ အလုံးရေ ၆၀ ကျော်တယ်။ Y -12 က အရင်လာတယ်။ အဲဒါပြီးမှ ဂျက်ဖိုက်တာ ၂ စီး ပြန်လာတယ်။ အဲ ၂ စီးက လှည့်ပတ်ပြီး ပြန်ခေါက်သွားတယ်” လို့ ပြောပါတယ်။

တာမခံ စစ်ကောင်စီတပ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“အခြေအနေကိုပြောရမယ်ဆိုရင် စခန်းကို အပြီးသတ်တော့ မသိမ်းနိုင်သေးဘူး” လို့ ပြောပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းလောက်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၇ ရက် နေ့လည်ပိုင်းလောက်မှာ တာမခံတပ်စခန်းထဲကို ခေတ္တ ဝင်ရောက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ အဆက်မပြတ်လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တာမခံစခန်း ပတ်ပတ်လည်လည်ကနေပဲ ပိတ်ဆို့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ KIA ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းကို သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပြီး စစ်တပ်စခန်းကို အပြီးသတ်ပြန်လည် ရယူဖို့အတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တာမခံ စစ်ကောင်စီတပ်စခန်းဟာ ဖားကန့် ဗျူဟာကုန်းကို အကွာအကွယ်ပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တာမခံတပ်စခန်းဟာ တာမခံနဲ့ ဖားကန်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာတည်ရှိပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်း နဲ့ ချင်းတွင်းမြစ်တစ်လျှောက်အထိ စစ်ရေးအရထောက်လှမ်းနိုင်တဲ့ တပ်စခန်းဖြစ်တာကြောင့် စစ်တပ်က အပြင်းအထန်ကာကွယ်နေတာ ဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ယောက်က အခုလို သုံးသပ်ပါတယ်။

“တလောကပဲ ဝှေခါ၊ နမ်တိန့်တွေလည်း သိမ်းနိုင်ပြီ။ အဲ့ဒါက ဖားကန့်ဘက်ကိုလာရင် တံခါးဝ ၂ခုဖြစ်တယ်။ အခုလည်း တာမခံတပ်စခန်းက တာမခံနဲ့ ဖားကန့်ကြားက တံခါးဝနောက်တစ်ခုဖြစ်တယ်။ ပြောရရင် စစ်တပ်ဘက်ကနေ အရေးကြီးတဲ့နေရာက အဲတစ်ခုပဲကျန်ရှိနေတော့တယ်။ ဒါ့ကြောင့် သူတို့ဘက်ကလည်း မကျသွားအောင် မနေ့ညမှာလည်း ညသန်ခေါင်ယံအထိ လေယာဉ်နဲ့မရပ်မနားလာပစ်နေကြတယ်”လို့ပြောပါတယ်။

တာမခံတိုက်ပွဲဖြစ်ပွားနေတာ ၄ ရက်လောက်ကြာမြင့်လာပြီ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးမှုများသလို KIA ပူးပေါင်းတပ်ဘက်ကနေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

အခုလိုစစ်တပ်ဘက်ကနေ နေ့ည အဆက်မပြတ် လေကြောင်းနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေတာကြောင့် တာမခံဒေသခံပြည်သူတွေဟာ ဟောင်ပါးနဲ့ ဖားကန့် မြို့ထဲ နေရာအသီးသီးမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တာမခံတပ်စခန်းဟာ ကတိုင်းတောင်အဆင်း တာမခံကျေးရွာအဝင် နန့်ရေတောင် (ဒေသအခေါ်) တောင်ကုန်းပေါ်မှာ စစ်အင်အား ၅၀ နဲ့ ၆၀ ကြားမှာ တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့် မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး နမ်တိန့် တပ်စခန်းနဲ့ ဝှေခါတပ်စခန်း ၂ ခုကို သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

Most read this week

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...