သျှမ်းတောင်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းခန့်အထိ မြင့်တက်လာ

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းခန့်အထိ မြင့်တက်လာ

သျှမ်းပြည် တောင်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစု တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းခန့်အထိ မြင့်တက်လာနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက်မှစပြီး PNLA၊ ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစု တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်မြို့နယ်များတွင် ရပ်ကွက် ၆ ခုအပါအဝင် ကျေးရွာပေါင်း ၁၂၀ ကျော် ထွက်ပြေးတိမ်းနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

စစ်ဘေးရှောင်အများစုသည် တောင်ကြီးမြို့၊ ဟိုပုံးမြို့ နှင့် ညောင်ရွှေမြို့ စသည့်မြို့နှင့် ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း တချို့စစ်ဘေးရှောင်မှာ တောတောင်အတွင်းသို့ ထွက်ပြေးခိုလှုံကာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရဆဲကြောင်း ဟိုပုံးမြို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

“တချို့တွေကခြံယာမှာအိပ်တယ်။ တချို့ကျတော့ တောင်တွေ၊ ကျောက်တွေအောက်မှာ အိပ်တယ်။ သူတို့တွေက မပြေးနိုင်တော့ဘူး။ ပြေးစရာနေရာလည်း မရှိတော့ဘူး။ အခုလောလောဆယ် ဝတ်ဖို့ထက် စားဖို့၊ သောက်ဖို့က အရမ်းလိုအပ်နေတယ်။ စားဖို့မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

လက်ရှိ တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရသည့် ကျေးရွာများသည် မဲနယ်တောင်ဒေသအတွင်းက ပချားကလိုးရွာ၊ ကျောက္ကချားရွာ၊ ပန်လျှန်းရွာ၊ လွိုင်မွန်းရွာ စသည့်ကျေးရွာများ ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်တချို့လည်း တောတောင်အတွင်းရှိ ကျောက်ဂူတွင် ထွက်ပြေးခိုလှုံနေကြပြီး အကူအညီမဲ့နေကြောင်း ဆီဆိုင်မြို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ဆက်ပြောသည်။

“သူတို့တွေ စားစရာဆန်မရှိဘူး။ သောက်စရာရေလည်း ရှားတယ်။ ပြေးဖို့ဆိုလည်း ကား၊ ဆိုင်ကယ် တွေကလည်း မရှိဘူး။ သေချင်သေပါစေ ကံပေါ့ဆိုပြီး အဲ့ကျောက်ဂူမှာ နေနေကြတာ ဆယ်နဲ့ချီရှိတယ်။ အခုက တိုက်ပွဲဖြစ်တော့ သွားကူညီတဲ့လူလည်းမရှိဘူး။ စားနပ်ရိက္ခာအတွက် ခက်ခဲနေကြတယ်” ဟု ၎င်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၄၀ ဦးအထိ မြင့်တက်လာပြီး ကလေးနှင့်အမျိုးသမီးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရမှု ၅၀ ကျော်အထိ မြင့်တက်လာနေသည်ဟု သိရသည်။

Most read this week

February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...