စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံဆောင်မှုကြောင့် ဖမ်းဆီးခံရသူ ၂၅၀ ဦးဝန်းကျင်ရှိ

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံဆောင်မှုကြောင့် ဖမ်းဆီးခံရသူ ၂၅၀ ဦးဝန်းကျင်ရှိ

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေရဲ့ အမုန်းစကားနဲ့ လှုံဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ ၃ လအတွင်း ဖမ်းဆီးခံရသူ လူဦးရေ ၂၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအထိ Beautifier of Diversity ရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းတာ တယ်လီဂရမ်ချန်နယ်ကနေ ဖမ်းဆီးဖို့ လှုံ့ဆော်ခံရတာကြောင့် အမျိုးသား ၁၃၀ ဦး၊ အမျိုးသမီး ၆၀ ဦး နဲ့ ကျားမ စီစစ်နေဆဲ ၅၈ ဦးအပါအဝင် စုစုပေါင်း လူဦးရေ ၂၄၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Beautifier of Diversity အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့ဖမ်းဆီးဖို့အတွက် ၃ လအတွင်းမှာ ၁၃၉ ဦးကို ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့တယ်။ ဒါပေမယ့် တကယ်အဖမ်းခံရပြီး သူတို့ပြန်တင်လာတဲ့ချိန်ကျတော့ ၂၄၈ ယောက်ရှိတယ်ပေါ့နော် ဒါ ၃ လအတွင်းမှာပါ။ နောက်တစ်ခုက သူတို့ဘာတွေ ထပ်တိုးလာသလဲဆိုရင် ဖမ်းဖို့ဘဲလှုံ့ဆော်တာမဟုတ်ဘူး ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်လိုက်ပြောတာ သူ့မှာအိမ်ရှိနေတယ် အိမ်ကိုသိမ်းလိုက်ပါလား ဆိုတာမျိုး ပြောလာတာလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်တပ် ထောက်ခံသူတွေဟာ ဖမ်းဆီးလိုတဲ့သူတွေကို လူကိုသာဖမ်းဆီးခိုင်းခြင်းမဟုတ်ဘဲ ပတ်သက်ဆက်နွယ်နေတဲ့ နေအိမ်တွေပါ ချိတ်ပိတ်အောင် လှုံ့ဆော်ခဲ့ပါတယ်။ ဒါကြောင့် ၃ လအတွင်း နေအိမ် ၂၁ အိမ်လည်း ချိတ်ပိတ်ခံလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ထောက်ခံတဲ့သူတွေကို ဖမ်းဆီးဖို့ လှုံ့ဆော်နေတင်မကဘဲ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအားပေးနေကြတဲ့ ပြည်ပရောက်ရှိနေသူတွေကိုလည်း ဗီဇာ၊ ပတ်ပို့စ်တွ ပိတ်သိမ်းခိုင်းဖို့အထိ လှုံ့ဆော်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်လာလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေကို ဝေဖန်တိုက်ခိုက်တာ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်အဖွဲ့စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဝေဖန်တိုက်ခိုက်တာတွေဟာ လစဉ်တစ်ရှိန်ထိုး တိုးမြင့်လာတယ်လို့ Beautifier of Diversity က ဆရာမ မသက်ဇွန်က ဆက်ပြောပါတယ်။

“အာဏာသိမ်းစကတည်းကတော့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေကနေ အဓိက စစ်တပ်ကိုဆန့်ကျင်တဲ့ပြည်သူတွေကို ဝေဖန်တိုက်ခိုက်တာတော့ရှိတာပေါ့နော်။ အဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရော ပါတယ်။ ဒါပေမယ့် ၁၀၂၇ စတဲ့နောက်ပိုင်း ဥပမာ အောက်တိုဘာလဆိုရင် ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၃၀ လောက်ဘဲရှိပေမယ့် စစ်ဆင်ရေးအရှိန်မြင့်လာတာနဲ့အမျှ တစ်ခါတည်း ၃၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားတာတွေ့ရတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ထောက်ခံအားပေးတဲ့သူတွေဟာ Facebook ထက် Telegram ကိုပိုအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စစ်တပ်အားပေးတဲ့ Channel ပေါင်း ၈၃ ခုထိရှိပြီး ပို့စ်ပေါင်း ၂ သန်းကျော်အထိလေ့လာသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း Telegram ကိုစောင့်ကြည့်လေ့လာနေကြတဲ့ အမည်မဖော်လိုအဖွဲ့စည်းတစ်ဖွဲ့ကနေ သိရပါတယ်။

April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...