အင်းတော်တွင် စစ်တပ်နဲ့ KIA၊ PDF တို့တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရ

အင်းတော်တွင် စစ်တပ်နဲ့ KIA၊ PDF တို့တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရ
(အင်းတော်- ဗန်းမောက်) လမ်းပိုင်းရှေ့တန်းတစ်နေရာမှာ တွေ့ရတဲ့ KPDF တပ်ဖွဲ့များ
(အင်းတော်- ဗန်းမောက်) လမ်းပိုင်းရှေ့တန်းတစ်နေရာမှာ တွေ့ရတဲ့ KPDF တပ်ဖွဲ့များ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF တပ်ဖွဲ့တို့ အကြား စက်တင်ဘာ လ ၁၈ ရက်နေ့ကစပြီး မနေ့ညအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေ၊ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားတယ်လို့ အင်းတော် ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အင်းတော် ရိက္ခာကုန်းတပ်ကနေ ဆင်းလာတဲ့ အင်အား ၆၀ ကျော်ပါတဲ့ ခမရ ၃၂၄ စစ်ကြောင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့၊ ည ၄ နာရီခွဲ အချိန်လောက်မှာ အင်းတော်မြို့ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရာ ကနေ KIA၊ KPDF ပူးပေါင်းတပ်တွေနဲ့ နဘားလမ်းဆုံမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

“တိုက်ပွဲက ဟိုလွန်ခဲ့တဲ့ရက် ညပိုင်းကနေစဖြစ်နေတာပေါ့ ၁၈ ရက်နေ့ ညမှာလည်းဖြစ်တယ်။ ဖြစ်ပြီးတော့ နား သွားပြီးမှ မနေ့က မနက်မနက်အစောကြီး ၆ နာရီလောက်ကနေ တစ်ခါထပ်ဖြစ်တာ ည ၂နာရီလောက်မှ တိုက်ပွဲ က ငြိမ်သွားတယ်။ ဖြစ်တာကတော့ အဲ့နဘား လမ်းဆုံ အနီးတစ်ဝိုက်မှာပဲ ဖြစ်တာ။ သူတို့ဘက်က ၂ ယောက် သေတယ် ၃ ဦးကလည်း အခြေအနေ တော်တော်ဆိုးတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့၊ ညပိုင်းအထိ စစ်ကောင်စီတပ်ဘက်က နဘားလမ်းဆုံ အနီး အင်းတော်ဘက်ခြမ်းကနေ နေရာယူထားသလို KIA၊ KPDF တပ်တွေဘက်ကလည်း နဘားလမ်းဆုံအနီး မော်လူးဘက်ကနေ နေရာယူထားတာကြောင့် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါ တယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲ နှစ်ရက်တာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေကိုတော့ အင်းတော်ဘက်ကနေ လူနာတင်ကားတွေနဲ့ သယ်ယူသွားတာရှိတယ်လို့ အင်းတော် PDF တာဝန်ရှိသူတွေက ပြောပါတယ်။

“စစ်သားတွေဘက်ကတော့ အင်းတော်ဘက်ကနေ လူနာတင်ကားတွေဘာတွေ လာပြီး သယ်သွားတယ်။ စစ်သား တွေလည်း ထပ်ရောက်လာတယ် ဒီနေ့တော့” လို့ တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင်မှာနေတဲ့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

လက်ရှိ နဘားလမ်းဆုံ တစ်နေရာနဲ့ အင်းတော်မြို့တွင်း တပ်ကနေ စစ်ကောင်စီတပ်တွေဟာ နဘားကျေးရွာ၊ နဘားတောင်ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေကို မနေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လူနေအိမ် အများအပြားလည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ထိခိုက် ပျက်စီးမှု အသေးစိတ်ကို မသိရသေးပါဘူး။

ဒါ့အပြင် စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် အင်းတော်-နဘား-မော်လူးလမ်းပိုင်းကို အင်းတော်မြို့ ဘက်ခြမ်း ကနေ စစ်တပ်က ပိတ်ထားသလို မော်လူးဘက်ခြမ်းကနေလည်း KIA၊ KPDF ဘက်က ယာယီပိတ်ထားပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး အင်းတော်နယ် နဘားဘက်ကို စစ်ကြောင်းထိုးနေသလို ဒရုန်းနဲ့လည်း ညဘက်မှာ အင်းတော်တစ်မြို့နယ်လုံးက ကျေးရွာတွေဘက်ကို လှည့်လည် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အင်းတော်မြို့နယ်ထဲမှာရှိတဲ့ NUG အစိုးရ စာသင်ကျောင်း ၉ ကျောင်းကိုလည်း ရက်အကန့်အသတ် မရှိ ပိတ်ထားပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...