ချောင်းဦးမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

ချောင်းဦးမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ
ချောင်းဦးမြို့အဝင်ဆိုင်းဘုတ်
ချောင်းဦးမြို့အဝင်ဆိုင်းဘုတ်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာအရှေ့ဘက် တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး ပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့၊ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့ အရှေ့ဘက် တောထဲသိုးကျောင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ချောင်းနေတာကြာပြီနဲ့တူပါတယ်။ အဲ့မှာ သိုးအုပ်တစ်အုပ်နဲ့ သိုးကျောင်းသား ပါသွားတာ။ သိုးကလည်း အုပ်လိုက်ကိုပါသွားတာ။ တခြားနွားကျောင်းတဲ့ သူတွေရော ရှိတယ်။ သူတို့ကတော့ လွတ်သွားတာပေါ့။ သိုးကျောင်းနွားကျောင်းတဲ့ သူတွေကလည်း ဘာမှမလုပ်လောက်ဘူး အဲ့လိုထင်ကြတာ။ ဟိုကောင်တွေကလည်း ချောင်းနေတာနဲ့ တွေ့သွားတာ“ လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ သိုးကျောင်းသားဟာ ယာကြီးတောရွာက အသက် ၄၀ နှစ်အရွယ် ကိုဇော်ဌေးဆိုသူ ဖြစ်ပြီး ကိုဇော်ဌေး သေဆုံးချိန်မှာ ဇနီးနဲ့ ၁၅နှစ်အရွယ် သမီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကံကြီးကုန်းရွာနားမှာ နယ်မြေလုံခြုံရေး လုပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ယောက်ရဲ့ ရုပ်အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကံကြီးကုန်းပျူရွာဟာ စစ်ကောင်စီတပ်တွေ အားထားရတဲ့ ရွာဖြစ်ပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်ကရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိတယ်လို့ နောက်ထပ် ကံကြီးကုန်းဒေသခံတစ်ဦး ကပြောပါတယ်။

“အဲ့ရွာက အာဏာသိမ်းပြီး သိပ်မကြာဘူးဗျ။ ပျူအင်အားကောင်းတဲ့ရွာ ဖြစ်လာတာ စစ်ကောင်စီရဲ့ အားထားရ တဲ့ ပျူရွာဆိုလည်းဟုတ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မြစ်ကမ်းဘေးမှာလည်း ရှိတယ်။ အချက်အချာကျတဲ့ နေရာ လုံးဝကိုအခိုင်အမာ လုပ်ထားတာ” လို့ ပြောပါတယ်။

ဒါ့ကြောင့် အဲ့ဒီကံကြီးကုန်းရွာနဲ့ အနီးတစ်ဝှိုက်က ဝယာရွာ၊ ယာကြီးတောရွာ၊ရွှေကျင်ရွာ နဲ့ ရွှေလှေရွာက ဒေသခံ တွေလည်း ရွာထဲမနေနိုင်ဘဲ ဘေးလွှတ်ရာမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံကြီးကုန်း ပျူစောထီးရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးက ရွာဖြစ်ပြီး ချောင်းဦးမြို့ရဲ့ အရှေ့တောင်ဘက် ၈ မိုင် အကွာလောက်မှာ ရှိတဲ့ရွာကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေ ပြီးခဲ့တဲ့ ဩဂုတ်လအထိကို စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈ သိန်းနီးပါး ဘေး လွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး မှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရပါတယ်။

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...