မူဆယ်မြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

မူဆယ်မြို့နယ် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
ပုံဟောင်း  (နမ့်အုမ်ကျေးရွာရှိ စစ်ရှောင်များ)
ပုံဟောင်း (နမ့်အုမ်ကျေးရွာရှိ စစ်ရှောင်များ)

သျှမ်းပြည် မူဆယ်မြို့နယ်၊ နမ့်အုမ်ကျေးရွာ နှင့် ခိုမုန်းကျေးရွာတို့မှ စစ်ရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေရပ်မပြန်နိုင်သေးဘူးဟု ကူညီပေးနေသူများက ပြောသည်။

စစ်ကောင်စီနှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့ တိုက်ပွဲ ကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ကျေးရွာနှစ်ရွာမှ ဒေသခံ (၁၅၀) ကျော်တို့သည် ယနေ့ အချိန်အထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပစ်ခတ်တာတော့ မရှိတော့ဘူး၊ အသံတွေ ငြိမ်သွားပေမဲ့ စစ်ရှောင်တွေက နေရပ်မပြန်နိုင်သေးဘူး၊ စုစုပေါင်း (၁၅၀) ကျော်တော့ ရှိမယ်ထင်တယ်။ တစ်နေရာတည်း စုနေနေတာမျိုးလည်း မဟုတ်တော့ အတိအကျလည်း စာရင်းမရှိဘူး။ မူဆယ်မြို့ပေါ် နေတယ်၊ ခိုမုန်းဘုရားကျောင်းမှာလည်း ရှိနေတယ်” ဟု စစ်ရှောင်ကူညီသူ အမျိုး သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှု ငြိမ်သက်သော်လည်း TNLA တပ်မှ နမ့်အုမ်ကျေးရွာရှိ ဇိနမာန်အောင် ကျောင်း တိုက်တွင် နေရာယူ တပ်စွဲထားသလို၊ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ရံဖန်ရံခါ ပစ်ခတ်မှု ရှိနေ သေးသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် နမ့်အုမ်ကျေးရွာအနီး စစ်ကောင်စီတပ် နှင့် TNLA တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွားခဲ့ပြီး နမ့်အုမ်ကျေးရွာ ဇိနမာန်အောင်ကျောင်း တောင်ခြေရှိ နေအိမ်တစ်လုံးကိုလည်း လက်နက်ကြီး ထိမှန် ပျက်စီးရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ခေါင်မိုးပေါ် တည့်တည့်ကျတာ၊ အဲ့ဒီအိမ်ရှင် မိသားစုကလည်း စစ်ရှောင် ထွက်ပြေးနေရတယ်။ အခုချိန်ထိ ပြန်မလာကြသေးဘူး။ ခိုမုန်းရွာထဲမှာ လက်နက်ကြီးထိ ပျက်စီးတဲ့ အိမ် ၃ လုံးထက် မနည်းဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ် နှင့် TNLA တပ်တို့ အကြားက စစ်ရေး တင်းမာမှုများကြောင့် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှ ဒေသခံ ၆၀၀ ကျော်ကလည်း စစ်ရှောင်ထွက်ပြေးရပြီး ယနေ့ အချိန်အထိ နေရပ်မပြန်နိုင်သေးဘူးဟု ဆိုသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းမှ ယနေ့အချိန်ထိ မူဆယ်မြို့နယ် အတွင်း စစ် ရေး တင်းမာမှုများရှိခဲ့ရာ အချိန်အားဖြင့် တစ်လကျော်ကြာလာပြီဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...