ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ ရေယာဉ် တိုက်ခိုက်ရပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိ

ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ ရေယာဉ် တိုက်ခိုက်ရပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထိ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွား တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရထားပါတယ်။

ဘိုကုန်းနဲ့ ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဇူလိုင်လ ၆ ရက်နေ့၊ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေး တပ်ဖွဲ့တွေက ရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာနားမှာတစ်ကြိမ်၊ ဇင်းဘုံကျေးရွာနားမှာတစ်ကြိမ် တိုက်ခိုက်ခဲ့ ခဲ့ရပါတယ်။

ဒီလို တိုက်ခိုက်ခံရချိန် စစ်တပ်ဘက်ကလည်း ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးလည်း ထိထားတယ်လို့ ဇင်းဘုံကျေးရွာက အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက အခုလိုပြောပါတယ်။

”ငပေါက်ဝ အထက်နားလေးမှာ ဖြစ်သွားတာ မနက်က အဲ့မှာပြည်သူနှစ်ယောက်တော့ ထိသွားတယ်။ ငပေါက်ဝ မှာက ခဏလေးဖြစ်သွားတာ။ သူတို့မြစ်ကြောင်းထဲမှာ အပေါ်ကနေ ဒရုန်းနဲ့ ချတာ ကာကွယ်ရေးတပ်တွေက။ ၁၁ နာရီလောက်မှာ ဖြစ်သွားတာ သူတို့ငပေါက်ဝ ဘုရားကုန်းမှာလည်း တချို့ရှိနေတာ စစ်သားတွေ အဲ့ကနေ လှမ်း ပစ်တာပြည်သူ ၂ယောက်ထိထားတယ်” လို့ ဇင်းဘုံရွာသားက ပြောပါတယ်။

စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အရပ်သား ၂ဦးဟာ ငပေါက်ဝကျေးရွာကဖြစ်ပြီး အသက် ၃၃ နှစ်အမျိုးသားတစ်ဦးနဲ့အသက် ၁၈ နှစ်အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။

ငပေါက်ဝကျေးရွာမှာ တိုက်ခိုက်ခံရပေမယ့် ဆက်လက် ချီတက်လာနေတဲ့ အဲ့ဒီစစ်ကြောင်းကို ဇင်းဘုံကျေးရွာ အနီးမှာ ကာကွယ်ရေးတပ်တွေက နောက်ထပ်တစ်ကြိမ် ခြုံခိုတိုက်ခဲ့ပြီး တိုက်ပွဲ အနည်းငယ် ပြင်းထန်ခဲ့ပါတယ်။

ဒေသခံတစ်ဦးက “စစ်သားတွေက သံခွန်မော်တော်တွေနဲ့ တက်လာတာ သုံးစီးတက်လာတာ အခုကဇင်းဘုံမှာ ဖြစ်နေတယ်။ ရေကြောင်းမှာဖြစ်နေတယ်” လို့ ပြောပါတယ်။

ဇင်းဘုံကျေးရွာအနီး ဖြစ်တဲ့တိုက်ပွဲမှာ အချိန် မိနစ် ၃၀ နီးပါးရှိပြီး ကာကွယ်ရေးဘက်က ဒရုန်း၊ လက်နက်ငယ် တွေအသုံးပြု တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက် ခိုက်နေတယ်လို့ ဆိုပါတယ်။

ယနေ့ထိတွေ့မှုဖြစ်တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ KNG သတင်းက အသေးစိတ် မသိရသေး ပါဘူး။

စစ်သားတွေအသုံးပြုလာတဲ့ သံခွန်ရေမော်တော်သုံးစီးထဲမှာတစ်စီးက တောပုန်းကျေးရွာ ဘုန်းကြီးကျောင်း ဆရာတော်ပိုင်တဲ့ သံခွန်ရေမော်တော်ယာဉ် တစ်စီးပါပြီး အဲ့ရေမော်တော်ယာဉ်မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာ့အလံကို တပ်ဆင်အသုံးပြုပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိ စစ်ကြောင်းထိုးလာပြီး ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့မှု ဖြစ်နေတာကြောင့် ငပေါက်ဝ၊ ဇင်းဘုံ၊ တောပုန်းစတဲ့ ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဗန်းမော်ဘက်ကို ဆန်တက်သွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင်လ ၃ ရက်နေ့က ရွှေကူအနောက်ခြမ်းမှာရှိတဲ့ သံဘို၊ ချောင်းဝကျေးရွာဘက်ကို စစ်ကြောင်းထိုင်းဝင်ရောက်ခဲ့ပြီး ဘိုကုန်းကျေးရွာက လူနေအိမ် ၅ လုံးနဲ့ ချောင်းဝကျေးရွာက လူနေအိမ် ၆ လုံးနဲ့ ထင်းကားရွာက ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက အဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အခလို မီးရှို့ဖျက်ဆီးမှုတွေကို လုပ်ခဲ့တဲ့ စစစ်ကောင်စီတပ် စစ်ကြောင်းကတော့ ခလရ ၇၇ နဲ့ ခလရ ၁၀ စစ်ကြောင်းတို့ ဖြစ်ကြပါတယ်။

ဓါတ်ပုံ - ဇင်းဘုံရွာ

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...