ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ၊ ရာသီတုပ်ကွေးနှင့် အရေပြားယားယံ ခြင်းများ အဖြစ်များလာပြီး ဆေးဝါးလိုအပ်ချက် မြင့်မားနေကြောင်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများက ပြောသည်။
ယခု ငှက်ဖျားရောဂါ၊ ရာသီတုပ်ကွေးနှင့် အရေပြားယားယံ ခြင်းများ အဖြစ်များနေသည့် နေရာများမှာ ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ထဲက နေရာများဖြစ်သည်။
စစ်ဘေးဒဏ်ကြောင့် နေအိမ်ပြန်မရသေးသည့် ဒေသခံများမှာ နေရာထိုင်ခင်း မလုံလောက်မှုနှင့်အတူ မိုးရာသီ ကြောင့် စိုစွတ်နေသည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် ယခင်နှစ်များထက် ငှက်ဖျား၊ တုပ်ကွေးနှင့် အရေပြားရောဂါများ ပိုမိုခံစားနေကြရသည်။
မုန်းမြို့နယ်နေ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ထွက်ပြေးတိမ်းရှောင်နေရတော့ နေရာထိုင်ခင်း အဆင် မပြေဘူး။ မိုးရာသီဆိုတော့ နေရာတွေက စိုစွတ်နေတယ်။ အဲဒါကြောင့် အရေပြားယားယံတာနဲ့ တုပ်ကွေး ဖြစ်တာတွေ အရင်နှစ်ထက် ပိုများလာတယ်။ လူကြီးရော ကလေးပါ ဖြစ်ကြတယ်။ ဒါပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတော့ မရှိသေးဘူး” ဟု ပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ကျန်းမာရေးဝန်ထမ်းများ ၏ ကွင်းဆင်းကုသရေး လုပ်ငန်းများမှာလည်း အကန့်အသတ်ရှိနေသည်။ ယင်းကြောင့် ရောဂါပြင်းထန်သည့် လူနာများကို ဆေးရုံသို့ ပို့ဆောင်ရာတွင် ကားအစား ဆိုင်ကယ်နှင့် လှေများကိုသာ အသုံးပြု၍ ပို့ဆောင်နေကြရ သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများက ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေ သော်လည်း လူဦးရေ များပြားလွန်းသဖြင့် လိုအပ်ချက်နှင့် အကူအညီမှာ မျှတမှုမရှိဘဲ ဆေးဝါးအပြင် အစား အသောက်နှင့် အမိုးအကာများပါ လိုအပ်နေဆဲ ဖြစ်သည်။
အလားတူ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်တပ်၏ စစ်ကြောင်းထိုးမှုများအပြင် လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ ရွာတွင်းသို့ ပြန်လည်မနေထိုင်နိုင်ဘဲ ဘေးလွတ်ရာတွင် ဆက်လက် တိမ်းရှောင်နေကြရသည်။
ကေအဲန်ယူ၏ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက “ပရဲလိုချောင်း အနောက်ဖက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေကတော့ အခုချိန်ထိ ရွာမှာ ပြန်နေလို့မရသေးပါဘူး။ စစ်ကြောင်းဝင်တာတွေကြောင့် တိမ်း ရှောင်နေရတုန်းပါ။ ချောင်း အရှေ့ဖက်မှာလည်း လက်နက်ကြီးလှမ်းပစ်တာတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေတော့ ရွာထဲမှာကျန်ခဲ့တဲ့သူတွေလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ သတိထားနေနေရတယ်” ဟု ပြောသည်။
အမိုးအကာ မလုံလောက်သည့် နေရာများတွင် ခိုလှုံနေရသည့် ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင်များမှာလည်း မိုးတွင်းကာလအတွင်း အရေပြားရောဂါ၊ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများကို ရင်ဆိုင်နေကြရသည်။
ထို့အတူ လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC) ၏ စုံစမ်းချက်အရ ဒေသအတွင်း စစ်ရေးပဋိပက္ခများနှင့် မိုးရာသီ သဘာဝဘေးအန္တရာယ်များကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင်ပါ အကူအညီများ အရေးတကြီး လိုအပ်နေလျက် ရှိသည်။







