နှစ်နိုင်ငံဆက်ဆံရေးရုံးများ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ဖွင့်လှစ်သွားမည်

နှစ်နိုင်ငံဆက်ဆံရေးရုံးများ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ဖွင့်လှစ်သွားမည်
by -
မဇ္ဈိမ
ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ နှစ်နိုင်ငံ ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့က နေပြည်တော်၌ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများ၏ သုံးနာရီကျော်ကြာ ပြုလုပ်ခဲ့သည့်  အစည်းအဝေးအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ BLO ဆိုတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရုံးတွေ ထားရှိပြီးတော့မှ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာနဲ့ ဆောင်ရွက်သွားမယ်ဆိုတဲ့အချက်တွေ သဘောတူညီချက် ရှိပါတယ်။ အခု ၂၀၁၇ခုနှစ်အတွင်းမှာ ဘီအယ်လ်အိုရုံးတွေ ဖွင့်ဖို့ ဆွေးနွေးထားပါပြီ။ အဓိကတော့ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အဓိက လုပ်ဖို့ ရှိပါတယ်" ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်က စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မောင်တောဒေသ ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့အကြား ဆွေးနွေးတွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ အစည်းအဝေး၌  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်များအကြား သဘောတူညီချက် ၁၀ချက် ရရှိခဲ့သည်ဟု အစည်းအဝေးပြီးဆုံးပြီးနောက် ညဦးပိုင်းတွင် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်  ထုတ်ပြန်ခဲ့သည်။

"အစည်းအဝေးကတော့ နှစ်နိုင်ငံအကြားမှာ ဖြစ်ပေါ်နေတဲ့ လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ပူးပေါင်းပြီးတော့မှ ချစ်ကြည်ရေး အလေးထားပြီး ဆောင်ရွက်သွားဖို့၊ နောက် မူးယစ်ဆေးဝါး၊ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများကို နှစ်နိုင်ငံ ဖမ်းဆီးအရေးယူဖို့ ကိစ္စတွေပါ" ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ဆိုသည်။

ယင်းအစည်းအဝေး၌  နှစ်နိုင်ငံနယ်စပ်ဒေသတရားဥပဒေစိုးမိုးရေးနှင့် လုံခြံုရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး ၊အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နှင့် လူဝင်/လူထွက် စိစစ်ခြင်း နှင့် နိုင်ငံသား စိစစ်လက်ခံမှုများ ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့   ရောက်ရှိနေသူများအား   နိုင်ငံသားစိစစ်မှုများပြုလုပ်ပြီး ပြန်လည်လက်ခံရေး စသည့် အချက်များကို  သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
ဩဂုတ်လကုန်ပိုင်းက ARSA အဖွဲ့သည် ရခိုင်ပြည်မြောက်ပိုင်းရှိ လုံခြံုရေးရဲကင်းတစ်ချို့ကို စတင် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က စစ်ဆင်ရေးများဆောင်ရွက်ခဲ့သည်။ ယင်းကိစ္စများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင််ငံဘက်သို့ ဒုက္ခသည် ၅သိန်းကျော် ထွက်ပြေးသွားခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...