ပလက်ဝမြို့ပေါ်က စစ်ရှောင်နေအိမ်များ ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းတချို့ ရောက်ရှိဟုဆို

ပလက်ဝမြို့ပေါ်က စစ်ရှောင်နေအိမ်များ ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းတချို့ ရောက်ရှိဟုဆို

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်က ယိုယွင်းပျက်စီးနေသော စစ်ဘေးရှောင်စခန်းများပြုပြင်ရန်အတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်း အကူအညီအချို့ ရောက်ရှိပြီဖြစ်သည်။

ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုသည် ဝါးဖြင့်ဆောက်လုပ်ထားသော အဆောက်အအုံများသာ ဖြစ်ကြပြီး ယခုအခါ ယိုယွင်းပျက်စီးနေပြီဖြစ်ကာ မိုးမကျခင်အချိန်မှီ ပြုပြင်ရန်လိုအပ်သော ဝါး၊ မျောတိုင်၊ အမိုးအကာများကို IRC နှင့် UNHCR အဖွဲ့အစည်းတို့က ကူညီခဲ့ကြသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို  ကူညီပေးနေသူ တစ်ဦး က ပြောသည်။

“သူတို့ရဲ့အိမ်တွေက လွန်ခဲ့တဲ့ (၂) နှစ်လောက်က ဆောက်ထားတာဆိုတော့ မိုးပက်လို့ အကာတွေ၊ ခေါင်မိုးတွေက ဆွေးကုန်တာ၊ လေတိုက်ရင် ပြိုပျက်ကုန်တော့  IRC ကနေတဆင့် တိုင်တွေ၊ ဝါးတွေ အရေအတွက်က ၉ သောင်း ကျော် Camp တွေအားလုံးအတွက်ပေါ့၊ မျောတိုင်လည်း အလုံးရေ ၆ ထောင်ကျော်၊ အမိုးက UNHCR ကပို့တဲ့ တာဗွန်ရှိတယ်။ ဒီရက်ပိုင်းတော့ ပစ္စည်းတွေတော့ တော်တော်များများရောက်လာပြီလို့ကြားမိတယ်” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက ရက္ခိုင့်တပ် တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်လာကြသူများ ဖြစ် သည်။

ယင်းစစ်ဘေးရှောင်စခန်း ၅ ခုတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၅၉၇) စုတို့နေထိုင်ကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလိုအပ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ အဟာရမှုန့်များကို လစဉ်ထောက်ပံ့ကူညီပေးနေသည်ဟု ပလက်ဝမြို့ ပေါ်က စစ်ရှောင်များ ကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“သူတို့ကို နိုင်ငံတော်ခွင့်ပြုချက်နဲ့ (WFP) ပေးနေပါသေးတယ်။ သူတို့က နေလာတာ ၂ နှစ်၊ ၃ နှစ်ရှိပြီဆိုတော့ အဆင်ပြေသလို နေရတာပေါ့။ ကိုယ့်အိမ်လိုတော့ ဘယ်နေနေရမလဲ။ သူတို့အိမ်တွေလည်းပဲ ယခင်အစိုးရက ဆောက်ပေးတာ” ဟု ပလက်ဝမြို့ပေါ်က စစ်ရှောင်များကို ကူညီပေးနေသူက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယာယီအပစ်ရပ်ဆဲပြီးနောက်ပိုင်း ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင် အများစုကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းမှုကြောင့် စစ်ဘေးရှောင်အချို့မှာလည်း နေရပ်ပြန် သွားကြပြီ ဖြစ်သည်။

ယခုလက်ရှိ စစ်ရှောင်စခန်းတို့တွင် နေထိုင်ကြသော စစ်ဘေးရှောင်များမှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ လိုအပ်နေကြသည်ဟု စစ်ရှောင်များနှင့် နီးစပ်သူကပြောသည်။

“သူတို့က လတ်တလောအရေးပေါ်က ကျန်းမာရေးစောင့်ရှောက်မှု၊ အရင်တုန်းက KMSS ကနေ Mobile Clinic တွေ ဖွင့်ပေးတာရှိတယ်။ အခုသူတို့က ဘတ်ဂျက်ပြီးသွားပြီ၊ အလှူရှင်တွေက ဆေးတွေလည်း လှူပေးတာ မရှိ တော့လေ။ အခု ဆေးခန်းလည်းမရှိတော့ဘူး” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်နေကြသည့်ပြည်သူများသည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပိုမိုခက်ခဲလာနေ ကြသည်။

အလုပ်အကိုင်ရှားပါးခြင်း၊ ချက်ပြုတ်စားသောက်ရန်အတွက် ထင်းများခက်ခဲခြင်းနှင့် ကျောင်းသားမိဘများ မိမိတို့ ကလေးများအတွက် ကျောင်းစရိတ်များ ပံ့ပိုးပေးရန်ပင် အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...