မောင်တောခရိုင်က ပညာရေးဝန်ထမ်းများ လစာနှစ်ဆ မရရှိသည်မှာ ၂ လအထိရှိလာ

မောင်တောခရိုင်က ပညာရေးဝန်ထမ်းများ လစာနှစ်ဆ မရရှိသည်မှာ ၂ လအထိရှိလာ

ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများမှာ ပုံမှန် လစာ နှစ်ဆ ခံစားခွင့်ရှိသော်လည်း လစာတစ်ဆတည်းရရှိသည်မှာ (၂) လအထိရှိလာနေပြီဖြစ်ကြောင်း ပညာရေး အသိုင်း အဝိုင်းမှ သိရသည်။

ယခင်က လစာနှစ်ဆရရှိခဲ့ပြီး ဧပြီနှင့် မေလတို့တွင် ဘဏ္ဍာငွေအခက်အခဲကြောင့်ဟုဆိုကာ လစာ တစ်ဆတည်း သာ ရရှိကြောင်း မောင်တောမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျနော်တို့ကတော့ ပုံမှန် လစာနှစ်ဆလိုချင်တယ်။ ကျနော်တို့ဘက်မှာ လစာနှစ်ဆမရရင် ဘယ်လိုမှ အဆင် မပြေနိုင်ပါဘူး။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

မောင်တောခရိုင်က ပညာရေးဝန်ထမ်းများမှာ ပုံမှန်လစာနှစ်ဆ မရရှိသော်လည်း ဝန်ထမ်းတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် ၅၀,၀၀၀ မှ အများဆုံး ငွေကျပ် ၇၀,၀၀၀ အထိ ထောက်ပံ့ငွေရရှိကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အခြားမြို့နယ်များထက် ကုန်ဈေးနှုန်းကြီးမြင့်မှု ကြောင့် ပညာရေးဝန်ထမ်းများမှာ လစာတစ်ဆတည်းနှင့်ရပ်တည်ရန် အခက်အခဲများ ရှိနေကြသည်။

“အရင်လကရတဲ့ လစာနဲ့ ထောက်ပံ့ကြေးပေါင်းလိုက်မှ ပိုက်ဆံနှစ်သိန်းကျော်ကျော်ရတယ်။ အဲဒီလစာနဲ့ မိသားစု စားဝတ်နေရေး ဖူလုံအောင် အသုံးပြုနေရတယ်။ ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးပညာရေး အဘက်ဘက်မှာ ထိခိုက်မှုတွေရှိလာမယ်” ဟု မောင်တောမြို့နယ်၊ လောင်းဒုံအုပ်စု၊ ဂြိတ် ချောင်းကျေးရွာ မူလတန်းကျောင်းအုပ် ဦးကျော်အေးလှိုင်က ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေ ကျပ် ၁၂၀,၀၀၀၊ ကြက်ဥသုံးဥလျှင် ငွေကျပ် ၁,၀၀၀ နှင့် တခြား ကြက်သွန်၊ ဆီ စသည့် အခြေခံစားသောက်ကုန် များမှာလည်း ဈေးနှစ်ဆမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လစာတစ်ဆသာရရှိသဖြင့် မောင်တောခရိုင်က ပညာရေးအသိုင်းအဝိုင်းကြားမှာ ရုပ်ရုပ်သဲသဲဖြစ်ပေါ်နေပြီး ဆက်လက်၍ လစာနှစ်ဆခံစားခွင့် မရရှိလျှင် အလုပ်ပြောင်းရွေ့မည့်သူများလည်း ရှိနေသည်။

ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျနေသော အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက “ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်အပါအဝင် တခြားသူတွေလည်း  အလုပ်ထွက်ကြမယ်။ ဒီအလုပ်ကို ဆက် လုပ်မယ်ဆိုရင်လည်း နေရာအပြောင်းအရွှေ့ လုပ်ကြမယ်။ ဒေသခံ(ဝန်ထမ်း)တွေက တင်းခံနိုင်ပေမယ့် ဒီဒေသမှာလာပြီး တာဝန်ထမ်းဆောင်တဲ့ ပညာရေးဝန်ထမ်းတွေက မခံနိုင်ဘူး” ဟု ပြောသည်။

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းအသီးသီးအတွက် လစာနှစ်ဆ ခံစားခွင့်နှင့် ပတ်သက်၍ စစ်ကောင်စီက သုံးလတစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလကစပြီး ဝန်ထမ်းများ လစာနှစ်ဆခံစားခွင့်ရရှိရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်း ကြားခြင်း မရှိသေးကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုရင် လစာနှစ်ဆ ခံစားခွင့်ရဖို့အတွက် နေပြည်တော်ကနေ ၃ လတစ်ကြိမ် စာဝင်ပါတယ်။ ပြီးခဲ့တဲ့ လက တည်းက စာမဝင်တော့ဘူး။ ကျနော်တို့ကြားရသလောက်က ဘဏ္ဍာငွေအခက်အခဲရှိလာတာကြောင့်လို့ သိရပါ တယ်။ လစာတစ်ဆတည်း ရရှိတာဟာ အခုဆိုရင် ၂ လရှိလာပါပြီး။ ဆက်ပြီးတော့လည်း ဒီအတိုင်းဖြစ်မယ်လို့ သတင်းတွေထွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် နယ်ခြားစောင့်ရဲအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အား လုံးကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှု၊ လုံခြုံရေးစိန်ခေါ်မှုတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကစ၍ လစာနှစ်ဆခံစားခွင့် ပြုထားခြင်းဖြစ်သည်။

July 15, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု...
July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...