နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား တွေ့ဆုံမှု တစ်ရပ် ပြုလုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ က ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်တွင် စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနေ၍ စစ်အုပ်စုနှင့် AA တို့ကြား ကြိုတင်သတ်မှတ်ချက်မရှိသည့် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ နှစ်ဖွဲ့လုံးနှင့် သဘောတူညီမှု မရှိသေးကြောင်း မစ္စတာ ဆာဆာကာဝါက စက်တင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အခြေစိုက် New Age သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုနှင့် AA တို့ကြား ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူ စစ်မျက်နှာများ၌ တိုက်ပွဲများ ပြင်းထန်နေသကဲ့သို့ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ချင်းတောင် စစ်မျက်နှာတို့တွင်လည်း နှစ်ဖက် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားလျက်ရှိသည်။
စစ်အုပ်စုသည် ရခိုင်တွင် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရန် "၄၉၂၆ စစ်ဆင်ရေး" အမည်ဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည့်အပြင် ဧရာဝတီ၊ ပဲခူးနှင့် မကွေးဘက်မှလည်း ထိုးဖောက်လျက်ရှိသည်။
တစ်ဖက်တွင်လည်း အာရက္ခတပ်တော် (AA) က ၂၀၂၇ ခုနှစ် မတိုင်မီ ရခိုင်ရှိ လက်ကျန်မြို့များကို သိမ်းပိုက်၍ ရခိုင်တစ်ပြည်လုံးကို အလုံးစုံ ထိန်းချုပ်ရန် မျှော်မှန်းထားသည်။
ထိုသို့ နှစ်ဖက်စစ်ရေး အမြင့်ဆုံး အနေအထားတွင် မစ္စတာ ဆာဆာကာဝါအနေဖြင့် ကြားဝင်ညှိနှိုင်း၍ တွေ့ဆုံမှု ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “လက်ရှိအနေအထားအရက AA က စစ်နိုင်တဲ့သူပေါ့။ စစ်တပ်က စစ်ရှုံးနေတဲ့သူ အဲတော့ အာရက္ခတပ်တောင်းဆိုတဲ့ အတိုင်းလိုက်လျော့မှပဲ စစ်တပ်နဲ့ စကားပြောမယ့် အနေအထားရှိတယ်။ AA ဖက်ကတော့ ရှင်းတယ်၊ ရခိုင်ပြည်မှာ စစ်တပ်လုံးဝ ကင်းစင်သွားအောင် တိုက်မယ့် ရည်မှန်းချက်ရှိတယ်။ အဲဒီကြောင့် ဆာဆာကာဝါရဲ့ ညှိနှိုင်းမှုက အလုပ်ဖြစ်နိုင်ခြေ မရှိဘူး။ တရုတ်က ကြားဝင်တာတောင် လက်မခံ တာဖြစ်တဲ့အတွက် ဆာဆာကာဝါ အနေလောက်နဲ့ တွေ့ဆုံရေး၊ ငြိမ်ချမ်းရေးတွေက ဖြစ်လာနိုင်အောင်မရှိဘူး” ဟု ပြောသည်။
မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် စစ်အုပ်စုနှင့် AA တို့ကြား ယာယီ အပစ်အခတ် ရပ်စဲခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ သို့သော် လက်ရှိ စစ်ရေးအခင်းအကျင်းမှာ ယခင် ကာလများနှင့် မတူညီတော့သဖြင့် အလွယ်တကူ တွေ့ဆုံဆွေးနွေးရန် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်မင်းဦးက “အခု သိရသလောက်တော့ စစ်တပ်ဖက်ကရော၊ အာရက္ခတပ် တော်ဘက်ကပါ အဆင့်သင့် မဖြစ်ကြသေးဘူး။ အခုအခြေအနေက လုံးဝမတူတော့ဘူး။ ၂၀၂၃ ခုနှစ်ကတည်းက AA ဖက်က ရခိုင်တပြည်လုံး သိမ်းလို့ရအောင်ဆိုပြီး သူတို့ရည်မှန်းချက်တွေ ရှိတယ်။ တစ်ဖက်လည်း စစ်တပ် က ထိုးစစ်ဆင်ပြီး ရခိုင်ပြည်က ဆုံးရှုံးနယ်မြေတွေကို ၄၉၂၆ ဆိုပြီး စစ်ဆင်ရေး ဆင်နေတာရှိတယ်။ လက်ရှိ အနေအထားမှာ မစ္စတာ ဆာဆာကာဝါ အနေနဲ့ ၂၀၂၀ နဲ့ ၂၀၂၂ ကလို စေ့စပ်ညှိနှိုင်းပြီး စစ်အုပ်စုနဲ့ AA အကြား ပြေလည်နိုင်မယ်ဟာက အခက်ခဲ ရှိအုန်းမယ်လို့ ထင်တယ်” ဟု ပြောသည်။
နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် ဩဂုတ်လအတွင်း နေပြည်တော်သို့ ရောက်ရှိလာပြီး စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း အာရက္ခတပ်တော် ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် အာရက္ခတပ်တော်သည် နယ်မြေထိန်း ချုပ်မှုနှင့် စစ်ရေးအောင်မြင်မှု အများဆုံး ရရှိထားရာ လက်ရှိတွင် တွေ့ဆုံညှိနှိုင်းမှုများ ပေါ်ပေါက်လာပါက တော်လှန်ရေး အရွေ့အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်းလည်း ထောက်ပြကြသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမျိုးကျော်က “ဒီနေ့အချိန်မှာ AA ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ခြေလှမ်း မှန်မှန် ခြေသံလုံလုံနဲ့ တော်လှန်ရေး လုပ်လာတဲ့အခါ အအောင်မြင်ဆုံး အဖွဲ့အစည်းဖြစ်နေတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေး အပါအဝင် တော်လှန်ရေးတပ်တွေက အာရုံစူးစိုက်ပြီး စောင့်ကြည့်နေရတဲ့ အဖွဲ့ အစည်းဖြစ်တယ်။ တော်လှန်ရေးတပ်တွေ အကုန်လုံးရဲ့ အားကိုးရာယုံကြည်ဖို့အတွက် တပ်ဦးက ချီတက်နေတာ ဖြစ်တယ်။ ဒီတော့ ငြိမ်းချမ်းရေး ဆိုတဲ့ဟာနဲ့ သူတို့က ပုံဖျက်ဖို့ ကြိုးပမ်းလာတာလို့ မြင်တယ်” ဟု သုံးသပ်သည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ မြို့နယ် ၁၄ ခုနှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထား ပြီး ၂၀၂၇ ခုနှစ် မကုန်မီ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ရန် မျှော်မှန်းထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
အာရက္ခတပ်တော်သည် ရခိုင်တစ်ပြည်လုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသကဲ့သို့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေးအတွက်လည်း မဟာမိတ်များနှင့် လက်တွဲကာ တိုက်ပွဲဝင်လျက်ရှိသည်။







