စက်လှေထွက်ခွာခွင့် အငြင်းပွားမှုကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်း ယာယီရပ်နား

စက်လှေထွက်ခွာခွင့် အငြင်းပွားမှုကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်း ယာယီရပ်နား
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ အတင် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုကို ၃ ရက် ယာယီ ရပ်နားထားသည်။

စက်တင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာမြို့နယ် ခယ်ခုံ (Khaikhy) ကျေးရွာ၌ ခယ်ခုံ မရာလူငယ်အစည်းအရုံး (MTP-Khaikhy) နှင့် ရခိုင် စက်လှေသမားများအကြား စက်လှေထွက်ခွာခွင့်နှင့် ပတ် သက်၍ အပြန်အလှန် အချေအတင် ဖြစ်ပွားခဲ့ကြပြီးနောက် အာရက္ခတပ်တော်က ရှင်းလက်ဝ-ခယ်ခုံ လမ်းပိုင်း ကို ၃ ရက် ယာယီ ပိတ်ထားခြင်း ဖြစ်သည်။

နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက “မနေ့က ခယ်ခုံရွာ ဆိပ်ကမ်းမှာ ကျေးရွာ လူငယ်အစည်းအရုံးက တာ ဝန်ရှိသူအချို့နဲ့ ရခိုင် စက်လှေသမားတွေအကြား စက်လှေ ထွက်ခွာခွင့်နဲ့ ပတ်သတ်ပြီး အချေအတင် ဖြစ်ကြ တာ ရှိတယ်။ ဒေသခံလူငယ်တွေက ချင်းလူမျိုး စက်လှေသမားတွေကို ဦးစားပေး ထွက်ခွာခွင့်ပေးပြီး ရခိုင် စက်လှေသမားတွေကို အလှည့်ပေးတာ နည်းပါးကြတာကြောင့် အငြင်းပွားကရာနေ အချေအတင် ဖြစ်ကြတာ။ နှစ်ဖက် အာဏာပိုင်တွေကြား ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေကြပါတယ်။ အာရက္ခတပ်တော် ဖက်ကတော့ အတက်သမားတွေကို လမ်း ၃ ရက် ပိတ်ထားတယ်” ဟု ပြောသည်။

ဆိုင်းဟာအခြေစိုက် မရာလူငယ်များအစည်းအရုံး (MTP) တာဝန်ရှိသူများကလည်း အဆိုပါ အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် နေရာသို့ ကွင်းဆင်းစစ်ဆေးသွားမည်ဟု ပြောဆိုထားသည်။

ထို့ပြင် လမ်းခုလတ်သို့ ရောက်ရှိနေကြသည့် ရခိုင်ကုန်သည်များကို ဒေသခံများအနေဖြင့် အန္တရာယ် မပြုကြရန်၊ MTP ခွင့်ပြုချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများက အင်တာဗျူး ဖြေကြားခြင်း မပြုကြရန်နှင့် ရခိုင်ကုန်သည်များကလည်း မဟုတ်မမှန် ပြောဆိုခြင်းများ မပြုကြရန် အချက် ၄ ချက်ပါဝင်သည့် ထုတ်ပြန်ချက် တစ်ခုကို မရာလူငယ်များအစည်းအရုံးက စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အချေအတင် ဖြစ်ပွားခဲ့သည့် ခယ်ခုံကျေးရွာသည် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း၌ အရေးပါသည့် ကျေးရွာတစ်ခုဖြစ်ပြီး ရခိုင်သို့ ကုန်သွယ်မှုပြုလုပ်သည့် စက်လှေများကို ကျေးရွာလူငယ်အစည်းအရုံး (MTP-Khaikhy) တာဝန်ရှိသူများက စီမံခန့်ခွဲနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် နှစ်ဖက်တာဝန်ရှိသူများက အဆိုပါ အငြင်းပွားမှုကို အေးချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းနေကြပြီး ကုန် သွယ်ရေးလမ်းကြောင်းကိုလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်စေချင်ကြောင်း နယ်စပ်ကုန်သည်များက ဆိုသည်။

ကျောက်တော်မြို့နယ်မှ နယ်စပ်ကုန်သည်တစ်ဦးက “နှစ်ဖက် အချေအတင်ဖြစ်ကြတယ်ဆိုတာကတော့ ဘယ် လိုမှ မကောင်းပါဘူး။ အခု ပြဿနာကိုလည်း အေးချမ်းတဲ့ ဖြေရှင်းမှုတွေနဲ့ နှစ်ဖက် တာဝန်ရှိသူတွေအကြား ဖြေရှင်းစေချင်တယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း အနှောက်အယှက်မရှိဘဲ လည်ပတ်တာက နှစ်ဖက်စလုံးအတွက် အကျိုးရှိ စေနိုင်တယ်” ဟု ပြောပြသည်။

လက်ရှိ၌ အိန္ဒိယဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုအနက် ရှင်းလက်ဝ-ခယ်ခုံ လမ်းကြောင်းတစ်ခုကိုသာ ယာယီရပ်တန့်ထားခြင်းဖြစ်ပြီး ကျန်လမ်းကြောင်း ၂ ခုမှာ ပုံမှန် လည်ပတ်လျက်ရှိသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်မှစ၍ စစ်အုပ်စုတပ်က ကုန်စည်စီးဆင်းမှုများကို ပိတ် ပင်ထားသဖြင့် ဒေသတွင်း လိုအပ်သည့် ကုန်စည်၊ ဆေးဝါးနှင့် စက်သုံးဆီများကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်ဘက်မှ တင်သွင်းနေကြရခြင်း ဖြစ်သည်။

Most read this week

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...