ပုဏ္ဏားကျွန်း၌ စစ်အုပ်စုတပ် လေယာဉ်အုပ်စုလိုက်သုံး၍ ဆက်တိုက် ဗုံးကြဲနေ

ပုဏ္ဏားကျွန်း၌ စစ်အုပ်စုတပ် လေယာဉ်အုပ်စုလိုက်သုံး၍ ဆက်တိုက် ဗုံးကြဲနေ
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်ကျေး ရွာနှင့် အနီးတဝိုက်ကို စစ်အုပ်စုတပ်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းမှစ၍ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုတပ်သည် ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်မှစ၍ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြေပြင် သတင်းရင်းမြစ်တစ်ဦးက “ဂျက်ဖိုက်တာနဲ့ တစ်စီးပြီးရင်တစ်စီး ဗုံးလာကြဲတာ။ ဂျက်တစ်စီးလာပြီး ဗုံးချသွားတယ်။ ပြီးရင် နောက်တစ်စီး ထပ်လာပြီးတော့ ဗုံးကြဲတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ Y12 ကလည်း ဗုံးချတယ်။ အခုဆိုရင် ဗုံးလာကြဲတာ ၇ ကြိမ်ထက်မနည်း ရှိနေပြီ။ အခုထိ ဗုံးကြဲနေတုန်းပဲ” ဟု ပြောသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်ကလည်း ကွမ်းတောင်ကျေးရွာအနီးနှင့် မင်းချောင်းတံတား ပတ်ဝန်းကျင်တို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချခဲ့သည့်အပြင် နံနက် ၈ နာရီ ၂၀ မိနစ်တွင်လည်း Y-12 လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့အနီးရှိ တောင်တန်းများကို လေကြောင်းမှ ဗုံးကြဲခဲ့သလို စစ်တွေအခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသားတစ်ဦးက “မနေ့ကလည်း ဗုံးကြဲတယ်။ ဒီနေ့လည်း ဗုံးကြဲသံတွေကြားရတာ ဆယ်ကြိမ်ထက်မနည်း ရှိနေပြီ။ အခုလည်း ပုဏ္ဏားကျွန်းမြို့အနီးတဝိုက်မှာ ဂျက်၊ Y12 တွေ ဝဲနေတယ်။ အခုလို နေ့တိုင်းနီးပါး ဗုံးလာကြဲနေတော့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီ” ဟု ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော်တို့သည် စက်တင်ဘာ ၄ ရက်မှစ၍ တိုက်ပွဲ များ ပြင်းထန်နေခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်သည် "၄၉၂၆ စစ်ဆင်ရေး" ဖြင့် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း AA တပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေရသည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...