ဖားကန့် ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံရသည့် ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာ

ဖားကန့် ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံရသည့် ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာ
ဓါတ်ပုံ - ဖားကန့် မြို့တွင်း နေရာ
ဓါတ်ပုံ - ဖားကန့် မြို့တွင်း နေရာ

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဥရုခ (Uru Hka) တည်းခိုခန်းတွင် စစ်ကောင်စီက ဖမ်းဆီးသွားသည့် အမျိုးသား ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာပြီဟု ဒေသခံများက ပြောသည်။

မေလ ၂၈ ရက်နေ့တွင် ပြန်လွတ်လာသူများမှာ မေလ ၂၄ ရက်နေ့ ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံလိုက်သည့် အမျိုးသားများ ဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ဖမ်းသွားတာ အားလုံး ၅ ယောက်ထဲကနေ ၄ယောက်ကို ပြန်လွတ်ပေးလာတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုလားဘဲ အဲ့ကြောင့် ပြန်မလွတ်တာတဲ့” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံတပ် ဖြစ်သည့် ခလရ ၇၆ တပ်နှင့်  ရဲတပ်ဖွဲ့များအပါ စစ်အင်အား ၆၀ ဝန်းကျင်သည် မေလ ၂၄ ရက်နေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင် ဥရုခတည်းခိုခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး အခန်းနံပါတ် ၂၀၃၊ ၂၀၇ စသည့် နေရာများမှ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ ဥရုခတည်းခိုခန်းအား ဝင်ရောက်စီးနင်းခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် တည်းခိုခန်းအတွင်း အားလုံး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အမျိုးသား ၅ ဦးသာ မသင်္ကာမှုဖြင့် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ် သည်။

ဖမ်းဆီးခံရသူများသည် အသက် ၄၀ နှစ်အရွယ် ဦးအိုက်ပီးနှင့် ဦးအိုက်မြင့်မောင် နှင့် အသက် ၂၀ ဝန်းကျင်ရှိသူ ကိုဆိုင်းထွယ်နော်၊ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ထို ၅ ဦးထဲမှ ကိုဆိုင်းထွယ်နော် ဆိုသူ သည် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟုသိရသည်။

ဖားကန့်ဒေသတွင် မတ်လအတွင်းမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့များက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရသည့် သူများ၊ အရပ်သားပြည်သူများမကျန် အစုလိုက်အပြုံ လိုက် ဖမ်းဆီးမှုများလုပ်ဆောင်နေသဖြင့် အများပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ဖားကန့် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဖားကန့်မှာက လူစုံတယ် ဘယ်ဟာကစစ်သားလဲ ဘယ်ဟာက အရပ်သားလဲမသိဘူး။ စစ်သားတွေကလည်း အရပ်ဝတ်နဲ့ လျှောက်သွားနေကြတာ။ အဲတော့ ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ အဲကြောင့် တော်လှန်ရေးလုပ်နေတဲ့ သူတွေအနေနဲ့ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်။ ကိုယ်ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုလည်း ဘယ်လောက်ပဲ ရင်းနှီး မပြောတာ အကောင်းဆုံးဘဲ” ဟု ပြောသည်။

ထို့အပြင် ဖားကန့်တွင် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုနှင့် ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး မေလ ၂၅ ရက်နေ့တွင် လည်း မော်ဝမ်းရပ်ကွက်တွင် အမျိုးသား ၂ ဦးနှင့်အတူ ကျောက်စိမ်းရိုင်းတုံးများအား စစ်ကောင်စီတပ်မှ ဖမ်းဆီး သွားသည့် ဖြစ်စဉ်ရှိခဲ့သည်။

မေလ ၂၇ ရက်နေ့တွင်လည်း မော်ဝမ်းနှင့် မော်မောင်းလယာန် ရပ်ကွက် ၂ ခုကြားတွင်ရှိသည့် ကျောက်စိမ်း လုပ်ကွက်တစ်ခုတွင် စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ဦးဖမ်းဆီးခံရမှုရှိခဲ့သည်။

ယခုနှစ် မတ်လအတွင်းမှ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဖမ်းဆီးခံရသူ ၄၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...