လေဘေးသင့် ပြည်သူများကို လှူဒါန်းမည့် အလှူငွေကျပ် ၁၀ သိန်းကျော်အလိမ်ခံရ

လေဘေးသင့် ပြည်သူများကို လှူဒါန်းမည့် အလှူငွေကျပ် ၁၀ သိန်းကျော်အလိမ်ခံရ

လေဘေးသင့်ပြည်သူများကို လှူဒါန်းမည့် အလှူငွေကျပ် ၁၀ သိန်းကျော် အလိမ်ခံလိုက်ရကြောင်း အလိမ်ခံရသူ ကာယကံရှင်များက ပြောသည်။

မေလ ၁၉ ရက်နေ့တွင် တောင်ကုတ်မြို့မှ ဒေသခံအချို့နှင့် အိမ်နီးနားချင်းများ စုပေါင်းကာ ရသေ့တောင်မြို့နယ် မှ လေဘေးသင့် ပြည်သူများအတွက် ထီးလှူရန် ရန်ကုန်မှ ကျပ်သိန်း ၁၀ သိန်း ၂သောင်းဖိုး ပစ္စည်းမှာရာတွင်  အဆက်အသွယ်မရဘဲ အလိမ်ခံရခြင်း ဖြစ်သည်ဟု ဦးဆောင် ကူညီကယ်ဆယ်ရေး အလှူငွေ ကောက်ခံသူ ကိုကျော်သူက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ပစ္စည်းတွေကို ဂိတ်ကို ပို့ပြီဆိုလို့ သူ့ကို ပိုက်ဆံလွှဲလိုက်ပါတယ်။ ခါတိုင်းလည်း ဆက်ဆံနေကျပဲ။ အဆင်ပြေ တယ်။ အခု တစ်ခါကျမှ သူကအကောင့်တွေပါ ဘလော့သွားပြီး အဆက်အသွယ်တွေ ဖြတ်သွားတယ်။ ဖုန်းနဲ့ လည်းဆက်သွယ်လို့မရ။ ဘယ်လိုမှဆက်သွယ်မရဖြစ်သွားပါတယ်။”

လိမ်လည်သွားသူမှာ ရန်ကုန်မြို့၊ မှော်ဘီတွင်နေထိုင်သူ သွန်းနဒီဝေ  Facebook နာမည်နှင့် Kpay အကောင့်နာမည် ထွန်းဝေမင်းကို အသုံးပြုသူဖြစ်သည်ဟု ကိုကျော်သူက ပြောဆိုသည်။

“ရခိုင်စကားနဲ့ပဲပြောတယ်။ ဇာတိတော့သေချာမသိဘူး။ ရခိုင်ဘေးသင့်ပြည်သူတွေအတွက် သူအနွေးထည် လည်း လှူပါမယ်။ သူလည်း ရခိုင်ဆိုပြီး လုပ်သွားတာပါ” ဟု ကိုကျော်သူက ဆက်ပြောသည်။

လက်ရှိမှ အခက်အခဲကြားမှ ရခိုင်အချင်းချင်း ကူညီထောက်ပံ့သည့် အလှူငွေများအလိမ်ခံရသည့် အတွက် စိတ် မကောင်း ဖြစ်မိသည်ဟု ကိုကျော်သူက ပြောသည်။

“မရှိမဲ့၊ ရှိမဲ့ အိမ်နီးအိမ်နားချင်းတွေ ၅၀၀၀ ထည့်လိုက် ၁၀,၀၀၀ထည့်လိုက် နဲ့ စုပေါင်း၊ စပ်ပေါင်းနဲ့ လုပ်ကြတာ ကို အခုလိုမျိုးလုပ်သွားတယ်။ မရှိ ရှိသလို အလှူရှင်တွေကို စာရင်းနဲ့ ပြန်ပေးရမှာပေါ့လေ” ဟု ပြောသည်။

အဆိုပါငွေလိမ်သွားသည်ဟု စွပ်စွဲခံထားရသူများသို့ မေလ ၂၂ ရက်နေ့၊ နံနက်က နိရဉ္စရာသတင်းဌာနမှ လေးငါး ကြိမ် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ရခိုင်လေဘေးသင့် ပြည်သူများအတွက် တက်ကြွလှုပ်ရှားသည့် လူငယ်များ၊ အနုပညာရှင်များ၊ ကူညီကယ်ဆယ် ရေး ပရဟိတသမားများက အလှူငွေများကောက်ခံ လှူဒါန်းလျက်ရှိရာ အလှူရှင်များအနေနှင့် စိတ်ချရသူများမှ တဆင့် လှူဒါန်းကြရန်နှင့် ဦးဆောင်လုပ်ကိုင်နေသူများ ထောက်ပံ့ပစ္စည်းများမှာ ယူရာတွင်လည်း လူလိမ်မခံရစေ ရန် အထူးသတိထားရမည်ဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူများက ပြောဆိုကြသည်။

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...