စစ်တွေတွင် မုန်တိုင်းကြောင့် မွတ်ဆလင် ၁၀၀ ကျော်ခန့် သေဆုံး

စစ်တွေတွင် မုန်တိုင်းကြောင့် မွတ်ဆလင် ၁၀၀ ကျော်ခန့် သေဆုံး
မုန်တိုင်းကြောင့် ပျက်စီးသွားသော စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု မြင်ကွင်း။
မုန်တိုင်းကြောင့် ပျက်စီးသွားသော စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု မြင်ကွင်း။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “MOCHA” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင် ၁၁၀ ကျော်ခန့် သေဆုံး သွားသည်ဟု DMG ၏ ကွင်းဆင်းစုံစမ်းချက်အရ သိရသည်။

မေလ ၁၇ ရက်နေ့ အထိ စာရင်းအရ စစ်တွေမြို့နယ်က မွတ်ဆလင်ကျေးရွာများမှ ၈၀ ဦးခန့်နှင့် ဒုက္ခသည်စခန်းမှ ၃၄ ဦးခန့် သေဆုံးသွားခြင်းဖြစ်သည်။

မွတ်ဆလင်ကျေးရွာများဖြစ်သော ဗေဒါမှ ၂၃ ဦး၊ ဒါးပိုင်မှ ၂၀ ဦး၊ ရော်ဘာခြံမှ ၁၀ ဦး၊ သဲချောင်းမှ ၁၀ ဦး၊ အုန်း တောကြီးမှ ၆ ဦး၊ အုန်းတောချေမှ ၁ ဦး၊ အုန်းတော (စီးတာဒဲလ်) မှ ၅ ဦး၊ ဘောဒူဖကျေးရွာမှ ၄ ဦး - စုစုပေါင်း ၈၀ ဦးခန့်မှာ မုန်တိုင်းကြောင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဘာဆာရာမှ ၂၀ ဦး၊ ဘောဒူဖ(၁)မှ  ၅ ဦး၊ ဘောဒူဖ(၂)မှ ၆ ဦး၊ သက္ကယ်ပြင်မှ ၃ ဦး - စုစုပေါင်း ၃၀ ကျော်ခန့် သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် ကျေးရွာသားများက ပြောဆိုကြသည်။

မုန်တိုင်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်မှ ရေ ၁၀ ပေခန့် မြင့်တက်လာခဲ့သဖြင့် ဒုက္ခသည်များမှာ ဘေးလွတ် မည်ဟု ထင်ရသော အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးစဉ် လမ်းတွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ရေက တဟုန်ထိုးတက်လာတာ။ ရေတက်လာတဲ့အတွက် ကျနော်တို့က ထွက်ပြေးတာ။ ကျနော်တို့ရွာရှေ့မှာ ခြံစည်းရိုးတစ်ခုရှိတယ်။ အဲဒီခြံစည်းရိုးမှာ အမေက ငြိနေတော့ မရတော့ဘူး။ အဲဒီမှာ ရေနစ်ပြီးတော့ ဆုံးသွား တာ။ အိမ်တွေလည်း ဘာမှမကျန်ခဲ့ဘူး။ အခုတောင် အုန်းသီးစားပြီးတော့ နေနေရတယ်” ဟု ဘာဆာရာ မွတ်ဆလင်ဒုက္ခသည်စခန်း မှ မာမတ်ဇော်ဟတ်က ပြောသည်။

နောက်ထပ် သေဆုံးသွားသူတစ်ဦး၏ မိသားစုဝင် မာမာတ်ဆောလိမ်က “ကျနော်တို့မှာဆိုရင် ညီတစ်ယောက်နဲ့ ခယ်မတစ်ယောက် သေသွားတယ်။ သူတို့က ရေကြီးလာလို့ ထွက်ပြေးတဲ့အချိန် ပါသွားတာ။ အခုတော့ အလောင်းတွေ့ကို သင်္ဂြိုလ်လိုက်ပြီ။ အိမ်တွေလည်း ဘာမှမကျန်တော့ဘူး” ဟု ပြောသည်။

ဘာဆာရာ မွတ်ဆလင်ကျေးရွာသည် ဘင်္ဂလားပင်လယ်ကမ်းခြေတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

သေဆုံးသွားသည့် မွတ်ဆလင်အများစုမှာ မုန်တိုင်းမရှောင်ဘဲ နေအိမ်တွင်ကျန်ခဲ့သူများနှင့် ပင်လယ်ကမ်းစပ် များမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

ဘုမေအုပ်စု (မွတ်ဆလင်) အုပ်ချုပ်ရေးမှူး ဦးစံမြကျော်က “အသေအပျောက်တွေက ဒီထက်မက ရှိနိုင်သေး တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုက ကိုယ့်မိသားစုဝင်တွေကို ရှာလို့မတွေ့သေးတဲ့သူတွေလည်းရှိကြတယ်။ သေ ဆုံးသွားသူတွေက ကမ်းစပ်နားမှာနေတဲ့ သူတွေများတယ်။ ပြီးရင် အိမ်မှာ အစောင့်သဘောမျိုးနဲ့ ကျန်လိုက်တဲ့ သူတွေ သေဆုံးသွားတာများတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ဒေသခံ ရာနှင့်ချီသေဆုံးခဲ့ကာ ယခုအချိန်ထိ ပျောက်ဆုံးနေ သူများရှိသလို နေအိမ်များ၊ အဆောက်အုံ အများအပြား ပျက်စီးသွားခဲ့သည်။ လက်ရှိတွင် မုန်တိုင်းဘေးသင့်သူ များမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေကြသည်။

ဘောဒူဖ ဒုက္ခသည်စခန်း (၂) မှ မွတ်ဆလင် အမျိုးသမီးတစ်ဦးက “လေမုန်တိုင်း တိုက်သွားတဲ့အတွက် တအကုန် လုံး ပျက်စီးသွားတယ်။ အခု စားစရာမရှိဘဲ ဒုက္ခခံနေရတယ်။ ပိုက်ဆံမရှိ၊ ဆန်မရှိ ဖြစ်သွားရတယ်။ ဆန်က အရေးတကြီး လိုအပ်နေပါတယ်။ ပြီးရင် ဆရာဝန်လိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မုန်တိုင်းဘေးသင့်ဒေသများတွင် ဖုန်း၊ အင်တာနက်လိုင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး လမ်း ပန်းဆက်သွယ်ရေး သွားလာရခက်ခဲမှုကြောင့် အကူအညီများ ကင်းမဲ့လျက်ရှိနေသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...