မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၊ ၄ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံး

မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၊ ၄ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်း(မြို)ကျေးရွာတွင် စစ်ကျန် ဗုံးသီးဟောင်း တစ်လုံး ပေါက်ကွဲ၍ ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ ဝက်ကျိန်းကျေးရွာနေ ဦးမောင်ပို၏သား မောင်ပိုင်ဝေး အသက် (၄) နှစ် ဖြစ်သည်။

၎င်းကလေးငယ်သည် မေလ ၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ၎င်း၏အိမ်နှင့်ပေ ၁၀၀ ခန့်ဝေးသည့် တောစပ် အနီးတွင် ဆော့ကစားရာမှ စစ်ကျန်ဗုံးသီးဟောင်းကိုတွေ့၍ အိမ်သို့ကောက်ယူလာခဲ့ရာ အိမ်သို့အရောက် လှေ ကားထစ်သို့ အတက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဝက်ကျိန်းကျေးရွာသားတစ်ဦး က ပြောသည်။

“အိမ်ကိုရောက်လို့ လှေကားတက်တဲ့အချိန်မှာ ဖြစ်သွားတာပါ။ အိမ်မှာ အမေလည်း မရှိဘူး။ အဖေလည်း တောင်ယာသွားပါတယ်။ အဲဒီကလေး ညီအစ်ကို သုံးယောက်ပဲရှိတာပါ။ အဲဒီကလေးတွေက အိမ်အောက်မှာ ထိုင်နေကြလို့ ဘာမှမဖြစ်သွားဘူး။ အဲဒီကလေးကတော့ သေသွားတယ်။ အခုတော့ ကလေးတွေကို တောထဲ မသွားဖို့နဲ့ တောနားမှာ သွားမကစားကြဖို့ပြောထားပါတယ်။ ဗုံးသီးတွေက အခြားနေရာတွေမှာလည်း ရှိနေနိုင်ပါ သေးတယ်” ဟု ပြောသည်။

၎င်းကလေးငယ်ကို မေလ ၄ ရက်၊ နံနက် ၁၀ နာရီခန့်က ရွာရှိ သုဿန်တွင် သင်္ဂြိုလ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ စစ်ကျန်ဗုံးသီးဟောင်းသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တကျော့ ပြန်တိုက်ပွဲကာလက ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ကျန်ရှိခဲ့သော စစ်ကျန် လက်နက်ဟောင်း များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာနှင့် ရန်အောင်ပြင်ကျေးရွာကြား တောင်တန်း၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊ မွန်းလွှဲ ၃ နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲထဲမှ လက်နက်ကြီးကျည် အချို့ကျ၍ ရန်အောင်ပြင်ကျေးရွာတွင် နေအိမ် နှစ်လုံးမီးလောင် ပျက်စီး သွားခဲ့သည်။

လက်ရှိတွင် အဆိုပါ လူနေရွာ အနီးပတ်ဝန်းကျင်ရှိ စစ်လက်နက် အကြွင်းအကျန်များကြောင့် အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အမြန်ဆုံး ရှင်းလင်းပေးစေချင်သည်ဟုလည်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ယာယီ တိုက်ပွဲရပ်ထားသည့် နောက်ပိုင်းတွင် ပြီးခဲ့သည့်အချိန် တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်က ထောင်ထား ခဲ့ကြသည့် မိုင်းနှင့် စစ်ကျန် လက်နက်ပေါက်ကွဲမှုများကြောင့် ရွာအနီးအနားဝန်းကျင်နှင့် တောတောင်များတွင် ထင်းရှာ၊ ကိုင်းထောင်သွားသည့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၅ ဦး အပါအဝင် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအထိရှိလာနေသည်။

July 13, 2026
ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး...
July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...