စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံး

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှု မြင့်တက် လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အစကနဦးပိုင်းမှာ လေကြာင်းထက် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုသာ ပြုလုပ်ခဲ့ပေမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာခဲ့တာကြောင့် အရပ်သားပြည်သူ သေ ဆုံးမှုလည်း မြင့်တက်လာခဲ့တာဖြစ်တယ်လို့ CHRO ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက ၃၃ ယောက်ပါတယ်။ ဒဏ်ရာရရှိမှုက ၈၀ နီးပါးပေါ့နော်။ အဲ့ဒီ ၈၀ နီးပါးထဲမှာ ၇၁ က အရပ်သား ပြည်သူလူထု တွေပေါ့၊ အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြောရင်တော့ ၁၀ ပုံမှာ ၈ ပုံလောက် ကတော့ ၂၀၂၃ နောက်ပိုင်းမှာ တိုက်ခိုက်တာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ၂၀၀ နီးပါးရှိနေပြီ။ အဲ့ဒီထဲမှာ အကြိမ်ပေါင်း ၂၁ ကြိမ်က ၂၀၂၃ မတိုင်ခင်မှာပဲ တိုက်ခိုက်တာ အကြိမ်ပေါင်း ၁၅၀ ကျော် ၁၆၀ ကျော်လောက်က ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တိုက်ခိုက်မှုပေါ့နော်။”

စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်သာ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော်ပြုလုပ်ကာ ဗုံးအလုံး ၃၀၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြာင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန်မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ချင်းပြည်နယ်မှာ စစ်ရေးပြစ်မှတ်၊ အရပ်သားပြစ်မှတ်တွေကို ခွဲခြားမှုမရှိဘဲ ရည်ရွယ် ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်လာတာဖြစ်တယ်လို့ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

“စစ်ကောင်စီကနေ အခု လေကြောင်းတိုက်ခိုက်မှု လုပ်တဲ့ဟာကို ကြည့်ခြင်းအားဖြင့် စစ်ရေးအမြင်နဲ့ တိုက်ခိုက် တာ မဟုတ်ပေမယ့် အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ တမင်တကာနဲ့ တိုက်ခိုက်လာတာကို တွေ့ရတယ်။ ပြည်သူလူထုကို တော်လှန်ရေး အင်အားစု အသွင်သဘောထားတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဘာဖြစ် လို့လဲဆိုတော့ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီကို တိုက်ခိုက်နိုင်တာသည် ပြည်သူတစ်ရပ်လုံးရဲ့ ပံ့ပိုးမှုကြောင့်လို့ စစ်ကောင်စီက ယူဆတယ်။ အဲ့ဒီလိုယူဆတဲ့အတွက်ကြောင့် ပြည်သူလူထုကို စစ်ကောင်စီ က ရန်သူ သဖွယ်မြင်တယ် အဲ့ဒါကြောင့်မို့လို့ ပြည်သူ လူထုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ခွဲခြားမှုမရှိဘဲနဲ့ ဒီလို တမင်တကာ ရည်ရွယ်ချက်ရှိရှိ နဲ့ပေါ့နော်။ အဲ့ဒီ လေကြာင်းတိုက်ခိုက်မှုတွေ အသုံးပြုလာတယ်လို့ ကျွန်တော်တို့ က သုံးသပ်တယ်။"

မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့ပေါ်ကလွဲရင် ကျေးလက်ဒေသအားလုံးကို ချင်းကာကွယ်ရေး တပ်ဖွဲ့ တွေက ထိန်းချုပ်ထားပြီး မြေပြင်စစ်ရေးမှာလည်း စစ်ကောင်စီဘက်က အထိနာနေတာကြောင့် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေထက် ၂၀၂၃ ခုနှစ်မှာ လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာတာနဲ့ပတ်သက်ပြီး ချင်း အမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုလိုပြောဆိုပါတယ်။

“ချင်းတောင်ကို မာရှယ်လောအုပ်ချုပ်ရေး အရင်ကြေညာတယ်။ နောက်ပြီးတော့မှ NUG အဖွဲ့အစည်းနဲ့ ချိတ်  ဆက်နေတဲ့ ကျနော်တို့တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စကားအခံက ရှိထား တယ်။ အဲ့ဒီမှာ ကျနော်တို့အပြင် ကျနော်တို့ကို ပံ့ပိုးနေတယ်လို့ ထင်ရတဲ့ ပြည်သူတွေကို နှိပ်စက်ပြတာဖြစ် တယ်။ ဒါက အင်မတန်မှ ရက်စက်တဲ့လုပ်ရပ်ပေါ့။ တကယ်တော့ အဲ့ဒီလို တိုက်လေယာဉ်တွေ လာတာက သူ့မှာ မြေပြင် အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ်။ အဲဒါကြောင့် အဆုံးစွန် လေကြောင်းကို အသုံးပြုလာတာပေါ့ နော်။"

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်တပ်က ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၀၀ နီးပါး ခန့် လုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် အရပ်သားပြည်သူ သေဆုံးသူ ၄၀ ကျော်ရှိပြီဖြစ်ပါတယ်။

ယခုလက်ရှိမှာလည်း ချင်းပြည်နယ် ဖလမ်း-ဟားခါးကြား ချွန်ကျူံးကျေးရွာနဲ့ ဂန့်ဂေါ-ဟားခါးကြားမှာ စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...