ဆန်ပြတ်လပ်မှုနေသာ ဟားခါးမြို့အတွက် ဘာသာရေးအဖွဲ့မှ ဆန်အိတ်များ အရင်းတိုင်း ရောင်းချပေး

ဆန်ပြတ်လပ်မှုနေသာ ဟားခါးမြို့အတွက် ဘာသာရေးအဖွဲ့မှ ဆန်အိတ်များ အရင်းတိုင်း ရောင်းချပေး

စစ်ရေးပဋိပက္ခကြောင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဒေသခံပြည်သူ များအတွက် ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ဆန်အိတ်များမှာယူပြီး အရင်းတိုင်းပြန်လည် ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ကလေး-ဖလမ်း-ဟားခါးလမ်းမကြီးနှင့် ဂန့်ဂေါ-ဟားခါးလမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက ခရီးသည်တင်ကားနှင့် ကုန် တင်ကားများ ယနေ့ချိန်ထိ ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ ဟားခါးမြို့ပေါ်တွင် ဆန်အပါအဝင် အခြေခံ စား သောက်ကုန်များ ပြတ်လပ်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်အိတ်တစ်ထောင် မှာယူခဲ့ရာ ဆန်အိတ် ၄၀၀ ကျော်ရောက်ရှိလာပြီး အခက်အခဲဖြစ်နေသော ပြည်သူများအား အရင်းတိုင်း ပြန်လည်ရောင်းချပေးခဲ့သည်ဟု HCMF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကတော့ မြို့ပေါ်မှာ အခုလို ကားအဝင်/အထွက်မရှိဖြစ်တော့ တစ်ချို့ပြည်သူတွေက တကယ် ခက်ခဲတဲ့ သူ တွေရှိတယ်။ ဆိုတော့ အဓိကဖြစ်တဲ့ ဆန်တွေမှာယူနိုင်ဖို့ ကြိုးစားခဲ့တာပေါ့နော်။ ကျွန်တော်တို့ HCMF, HBA, RualUu အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြတာဖြစ်တယ်” ဟု HCMF မှ တာဝန်ရှိသူကပြာသည်။

ဆန်အိတ် တစ်ထောင်မှာ ယူရာမှာ စနေနေ့ (ဧပြီလ ၂၉) က ဆန်အိတ် ၄၂၀ ရောက်ရှိလာပြီး မေလ ၁ ရက်နေ့က ရောင်းချပေးရာတွင် တစ်ရက်တည်း ကုန်သွားပြီဖြစ်ကာ ကျန်ဆန်အိတ် ၆၀၀ ဝန်းကျင်သည် မေလ ၃ ရက်နေ့ တွင် ထပ်မံရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆန်အိတ်များကို ပြန်လည်ရောင်းချရာတွင် မိသားစုတစ်စုလျှင် ဆန်တစ်အိတ်မှ အများဆုံး နှစ်အိတ်ထိသာ မျှဝေ ရောင်းချပေးပြီး ဟားခါးမြို့ရောက် စစ်ဘေးရှောင်ပြည်သူများကိုလည်း ဝယ်ယူခွင့်ပြုထားကြောင်း၊ ဆန်များ ရောင်းပေးရာတွင် အရင်းတိုင်း ပြန်လည်ရောင်းချပေးသည်ဟု သိရသည်။

HCMF မှ တာဝန်ရှိသူက “အခု ဆန်တွေရောင်းပေးတဲ့အခါ ဆန်ဝယ်ယူခ၊ တန်ဆာခနဲ့ ကုန်တင်ကုန်ချခတွေကိုပဲ ယူပြီးတော့ လုံးဝ အမြတ်မပါဘဲ ရောင်းပေးတာဖြစ်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ရောင်းချပေးရာတွင် ဧရာမင်းရှယ်တစ်အိတ် - ၉၅၀၀၀ ကျပ်၊ ဧရာမင်းရိုးရိုးတစ်အိတ် - ၉၂၀၀၀ ကျပ်၊ သုခရှယ် တစ်အိတ် - ၈၅၀၀၀ ကျပ်နှင့် သုခ ရိုးရိုးတစ်အိတ် - ၇၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီး ရောင်းချ ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ချိန်ထိ ဖလမ်း-ဟားခါးကြား ချွန်ကျူံး ကျေးရွာတွင်လည်းကောင်း၊ ဂန့်ဂေါ-ဟားခါးကြားတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဟားခါးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူ ၁၀၀၀ ကျော်ရှိပြီဟုသိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...