“တိုက်လေယာဉ်တွေလာတာက သူ့မှာမြေပြင်အင်အားက ချိနဲ့နေပြီလို့ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကိုအသုံးပြုလာတာ”

“တိုက်လေယာဉ်တွေလာတာက သူ့မှာမြေပြင်အင်အားက ချိနဲ့နေပြီလို့ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကိုအသုံးပြုလာတာ”

စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလဆန်းပိုင်းကစပြီး အနော်ရထာစစ်ဆင်ရေးအမည်တပ်ပြီး ချင်းတောင် ကို စစ်ကိုင်းတိုင်း ကလေးမြို့ကနေသော်လည်းကောင်း မကွေးတိုင်း ကျောက်ထုဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ပထဝီမြေပြင်နယ်မြေအနေအထားအား သာချက်အရ ချင်းကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်တိုက်ခိုက်မှုတွေမှာ အားသာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြေပြင် တိုက်ပွဲတွေမှာ အကြီးအကျယ်အထိနာခဲ့ရပါတယ်။

ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြေပြင်ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုတွေပိုမိုအသုံးပြုလာနေပြီး ချင်းတောင်ကို မြေပြင် နဲ့ ဝေဟင်ကနေပါအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်လာနေပါတယ်။ မတ်လ ၇ ရက်နေ့ကတည်းက ကလေးမြို့ကနေ ဟားခါးကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟားခါးမြို့မဝင်ခင် ချွန်ကျူံးရွာမှာ ခြေကုပ်ယူထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ အလားတူ ဂန့်ဂေါမြို့ကနေ ဟားခါးကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေသလို ဟားခါး-ထန်တလန်ကြားမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ချင်းပြည်နယ်မှာ ယခုဖြစ်ပွားနေတဲ့ နောက်ဆုံးရတိုက်ပွဲအခြေအနေအသေးစိတ်ကို သိရှိနိုင်ဖို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- အခု ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုနောက်ဆုံးအခြေ အနေကိုရှင်းပြပေးလို့ရမလား။ ဖြေ- ဟုတ်ကဲ့ အခု ကျွန်တော်တို့ဒီ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာကွင်ထဲလို့ပြောလို့ရမှာပေါ့။ အဲ့ဒီကွင်ထဲမှာ သုံးနေရာမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ပထမကတော့ ကလေးကနေတက်လာတဲ့ ဒီစစ်ယာဉ်တန်းကြီးကတော့ ဟားခါး မဝင်ခင် ချွန်ကျုံးရွာမှာ အခုရှိနေဆဲဖြစ်ပါတယ် သူတို့အင်အား ၃၀ လောက်ရှိတယ်။ နောက်တစ်ခုက ဂန့်ဂေါ ဘက်ကနေ ဟားခါးဗျူဟာကိုတက်လာတဲ့ စစ်ကောင်စီတွေနဲ့ ကျွန်တော်တို့ ဟားခါးနဲ့ ဂန့်ဂေါ ကြားမှာ တိုက်ပွဲဖြစ်နေတာ နှစ်ပတ်လောက်တော့ ရှိပြီပေါ့နော်။ ပြီးတော့ လောလောလတ်လတ် ဧပြီလ ၂၆ ရက် သန်းခေါင်ယံကျော်မှာ ဟားခါးနဲ့ ထန်တလန်ကြား သီမြစ်တံတားနားမှာ အထိုင်ချထားတဲ့ တပ်စခန်းငယ်တစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ သိမ်းနိုင်ခဲ့တယ်ပေါ့။ သိမ်းတဲ့နေရာမှာ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ယောက်ကျဆုံးတယ် ၃ ယောက်ဒ ဏ်ရာရတယ်ပေါ့။ သူတို့ဘက်ကတော့ အကျဆုံးကိုတော့ မသိဘူး ဒါပေမဲ့ ကျွန်တော်တို့ လက်နက် အနည်းဆုံး သုံးလက်နဲ့ ကျည်ဆံတွေရရှိတယ်။ အဲ့ဒီစခန်းဝင်ပြီးမှ နောက်ထပ် စခန်းငယ်နှစ်ခုရှိသေးတယ် အဲ့ဒီဖြစ်ချိန်မှာ တိုက်လေယာဉ်က နှစ်ကြိမ်လာသွားတာပေါ့။ အဲ့တာနဲ့ ကျွန်တောတို့ ဆုတ်ပေးလိုက်ရတယ် အဲ့လိုအခြေနေပေါ့။



မေး - ဒါဆိုရင် သီမြစ်စခန်းသိမ်းတိုက်ပွဲမှာက စစ်ကောင်စီရဲ့စခန်းတစ်ခုပဲပေါ့နော် သိမ်းပိုက်နိုင်တာက?

ဖြေ - တစ်ခုပဲ သုံးခုရှိတဲ့ထဲမှာ တစ်ခုပေါ့။ အဲ့ဒီတစ်ခုက ကျွန်တော်တို့သိမ်းပြီး နောက်ထပ်စခန်းကတော့ စစ်ရေး အနေထားအရတော့ မလုံခြုံတော့ဘူးပေါ့နော်။ သူ့ဟာသူ ဆုတ်သွားမယ့်အနေအထားပေါ့။

မေး- ကလေးဖက်ကနေ တက်လာတဲ့ စစ်ကောင်စီတွေက အခုထိ ဟားခါးကိုမရောက်နိုင်သေးပဲနဲ့ ချွန်ကျူံးရွာမှာပဲ ခြေကုတ်ယူထားတဲ့သဘောလား ဘယ်လိုမျိုးလဲ အခုထိတိုက်ပွဲဖြစ်နေတယ်ဆိုတော့လေ။

ဖြေ- ဟုတ်ကဲ့ အဲ့ဒီမှာ သူတို့က ဟားခါးကို မတိုးပဲနဲ့ ပြီးတော့ တစ်ခါခါမှာ ဟားခါးကနေ စစ်ကူလာတာတော့ရှိတာပေါ့။ အဲ့ဒီမှာ သူတို့ ကသောင်တင်နေသေးတယ်။ အဲ့ဒီမှာ စခန်းချဖို့လား ဘာလားတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ ကျွန်တော်တို့ထင်ရတာက အဲ့ဒီမှာ သူတို့မှာလက်ကျန်တင့်ကားတစ်စီးကတော body ကမပျက်ဘူး စက်က ချို့ယွင်းတယ် အဲ့ဒါတွေကို ဟားခါးကို ဆယ့်နှစ်ဘီးနဲ့ သယ်သွားဖို့ အဲ့လိုများ စီစဉ်နေတာလားပေါ့ သူတို့က အဲ့ဒီရွာထဲမှာ နေပြီးတော့ အပြင်မထွက်ဘူး အဲ့သလိုလုပ်နေတယ်။ အဲ့ဒီရွာထဲမှာတော့ သူတို့ရယ် ကျွန်တော်တို့ရယ် အရှေ့နဲ့အနောက်နဲ့ အဲ့သလို တပ်စွဲပြီးတော့ နေရတာပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့ လက်ဖြောင့်တွေနဲ့ ပစ်ခတ်တာတွေဘာတွေကတော့ နေ့စဉ်နဲ့အမျှပေါ့နော်။

မေး- ပြီးတော့ ဟားခါးနဲ့ ဖလမ်းကြား ချွန်ကျုံးမှာဖြစ်သလို ဒီစစ်ကောင်စီတွေဟာ မကွေးတိုင်း ဂန့်ဂေါ ဘက်ကနေတ က်လာပြီးတော့ ဟားခါး ဂန့်ဂေါကြားထဲမှာ တိုက်ပွဲဖြစ်တာ အခုဆိုရင် နှစ်ပတ်လောက်ရှိနေပြီလို့လည်းသိရတယ်ပေါ့နော်။ ဆိုတော့ အဲ့ဘက်က တိုက်ပွဲအခြေနေလေး နည်းနည်း ရှင်းပြပေးပါအုံး။

ဖြေ- ဂန့်ဂေါကနေ ဟားခါးကိုတက်လာတဲ့ ဒီစစ်ကောင်စီတပ်ဖွဲ့ကတော့ ခမရ (၇၇) ကဖြစ်ပါတယ်။ အရင်လိုမဟုတ်ဘူး။ အရင်တက်လာတာက တပ်မ အသီးသီးစီက တက်လာတာဖြစ်တယ်။ အခုမှ တပ်မတစ်ခုတည်း ခမရ (၇၇) ကနေ တက်လာတာဖြစ်တယ်။ ကျွန်တော်တို့ မှန်းရသလောက် အင်အား ၂၀၀ လောက်ရှိတယ်ပေါ့နော် ဒီ ခမရ (၇၇) ကတော့ တကယ့် စစ်ရေးပြင်းထန်တဲ့နေရာမှာ အထူးစပယ်ရှယ်လုပ်ပြီးတော့ စေလွတ်တဲ့ တပ်ဖွဲ့လို့ ကျွန်တော်တို့ သိရတာပေါ့နော်။ ဟားခါးနဲ့ ဂန့်ဂေါကြားကတော့ သုံးရက်ခရီးအစီစဉ်လို့ သူတို့စီမံချက်ကတော့ အဲ့လို ကြားသိရတယ် ဒါပေမဲ့ အခုက နှစ်ပတ်လောက်ကြာပြီပေါ့နော်။ အခု ဟားခါးကို မရောက်နိုင်သေးဘူးပေါ့။

မေး- ဟုတ်ကဲ့ အခုသူတို့ ဘယ်နေရာ ဘယ်အထိရောက်နေပြီလဲ ခင်ဗျာ။

ဖြေ- ဒီ လုံကျွဲရွာအနီးတစ်ဝိုက်မှာပဲရောက်နေသေးတယ်ပေါ့နော် ဒီဟားအခါးရောက်ဖို့ကတော့ အလှမ်းဝေးပါသေးတယ် အဲ့သလိုပြောရမှာပေါ့။ မေး- ဆိုတော့ ဟားခါး-ဂန့်ဂေါကြားမှာ တိုက်ပွဲပြင်းထန်ပြီး တောက်လျှောက်ဖြစ်နေတယ်ဆိုတော့ တိုက်ပွဲအတွင်းမှာ နှစ်ဖက် အထိခိုက် အကျဆုံးဘယ်လိုရှိလဲ။ ဖြေ- ကျွန်တော်တို့ဘက်ကတော့ နှစ်ယောက်ကျတယ်ပေါ့ ထိခိုက်ဒဏ်ရာရမရှိဘူးပေါ့ အဲ့သလိုပြောလို့ရပါတယ်။ ဒါပေမဲ့သူတို့ဖက်ကတော့ အထိခိုက်ကတော့ ၁၀ ယောက်ကျတယ်၊ ၆ ယောက် ဒဏ်ရာရတယ်ပေါ့။ ကျွန်တော်တို့ရဲ့ ပစ်ကွင်းထဲမှာ သူတို့ဝင်တိုးတော့ ကျွန်တော်တို့အဲ့သလို ဝင်ပစ်တာပေါ့နော်။

မေး- တပ်မ (၇၇) ကတော့ စစ်ရေးမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တပ်ရင်းဖြစ်တယ်ပေါ့နော်၊ ဆိုတော့ ဒီလိုမျိုးတပ်ရင်းကို အခုချင်းတောင် ဟားခါးဘက်ကို ပို့လာတာက ဘာကြောင့် ဘယ်လိုမျိုးယူဆလို့ရလဲ။

ဖြေ - အဓိကတော့ အရင်တစ်ခါလာတဲ့ဟာတွေက မြေပြင်တိုက်ပွဲမှာတော့ သူတို့ ဘာမှထိရောက်မှုမရှိဘူးပေါ့။ မရှိလို့လဲ သူတို့ တိုက်လေယာဉ်နဲ့ ကျွန်တော်တို့ကို လာပြီး‌တော့ တိုက်ခိုက်သွားတာပေါ့။ ဒါကြောင့်လည်း ဒီတစ်ခါတော့ သူတို့က တပ်မ ၇၇ ကိုစေလွတ်တာဖြစ်နိုင်တယ်၊ ပြောချင်တာကတော့ ဒီမြေပြင်တိုက်ပွဲမှာတော့ သူတို့ထင်သလောက် အောင်မြင်မှု မရှိဘူးပေါ့၊ ကျွန်တော်တို့ အောင်မြင်မှုရှိတယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် သူတို့ ဒီတပ်ဖွဲ့တစ်ခုထဲကိုပဲ စေလွတ်တ ယ်လို့ ကျနော်မှတ်ချက်ပြုချင်တယ်။

မေး- ဒီစစ်ကောင်စီဟာ တိုက်လေယာဉ်တွေအသုံးပြုပြီးတော့ တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်လာတယ်၊ ပြီးခဲ့တဲ့ တစ်လအတွင်းမှာကိုက အရပ်သားတွေနေတဲ့ ရွာတွေကိုဗုံးကြဲတာ ထန်တလန် ခွါဖိုးမှာ ဗုံးကြဲတယ် ၊ ဝေဘူလမြို့ မှာလည်း ဗုံးကြဲတယ်၊မင်းတပ်ဖက်မှာဆိုရင်လည်း တိုက်နယ် ၁ ဖက်မှာလည်း ဗုံးကြဲတယ် အခုလည်းထန်တလန်မြို့နယ် တလန်လို ကျေးရွာဘက်မှာ ဗုံး ထပ်ကြဲတယ်ဆိုတော့ စစ်ကောင်စီကပိုပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေ တွေ့ရတယ်။ ဆိုတော့ ဒီအပေါ်ဘာမှာ ပြောချင်တာရှိလဲ။

ဖြေ - ချင်းတောင်ကို မာရှယ်လောအုပ်ချုပ်ရေးအရင်ကြေညာတယ် နောက်ပြီးတော့မှ NUG အဖွဲ့အစည်းနဲ့ချိပ်ဆက်နေတဲ့ ကျနော်တို့တွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့စကားအခံကရှိထားတယ် အဲဒီမှာ ကျနော်တို့ အပြင် ကျနော်တို့ကိုပံ့ပိုးနေတယ်လို့ထင်ရတဲ့ ပြည်သူတွေကိုနှိပ်စက်ပြတာဖြစ်တယ် ဒါကအင်မတန်မှ ရက်စက်တဲ့လုပ်ရပ် ပေါ့ သူ့အနေနဲ့ ဖြတ်လေးဖြတ်ပေါ်လစီထဲက ပြည်သူလူထုနဲ့ကျနော်တို့ အလှမ်းဝေးသွားအောင် အမြင်စောင်းသွားအောင် ပြည်သူကိုခြိမ်းခြောက်တယ် ကျနော်တို့က စစ်ကောင်စီကိုမတိုက်ခိုင်အောင် ပြည်သူကိုနှိပ်စက်ပြတာပဲဖြစ်ပါတယ် တကယ် တော့ အဲဒီလိုတိုက်လေယာဉ်တွေလာတာက သူ့မှာမြေပြင်အင်အားက ချိနဲ့နေပြီလို့ပြောလို့ရတယ်အဲဒါကြောင့် အဆုံးစွန် လေကြောင်းကိုအသုံးပြုလာတာပေါ့နော်။

May 14, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက...
May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...
May 9, 2024
ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ...