နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့

နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့

မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်  ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်ကျေးရွာများကို ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီ ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန် သွားရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဦးခက်ထိန်နန်သည် နေရပ်ပြန် စစ်ရှောင်ကျေးရွာများဖြစ်ကြသော ဂါးရာယန်၊ ကဇူး၊ ဒဘတ် စသည့်ကျေးရွားများသို့ သွားရောက်ခဲ့ပြီး ယခုလို ပြောဆိုခဲ့ကြောင်း ကဇူးဒေသခံ တစ်ဦးက KNG ကိုပြောသည်။

“ကျွန်တော်တို့မှာ ကျောင်းတွေ အကုန်ပျက်စီးသွားပြီလေ၊ အဲ့တာကြောင့် ကျောင်းကြီး မဆောက်ပေးနိုင်သေးရင်တောင် ယာယီအနေနဲ့ ဒီနှစ်အတွင်းတော့ ကျောင်းတက်နိုင်အောင် လုပ်ပေးမယ်လို့တော့ပြောတယ်၊ ကျန်းမာရေး ဝန်ထမ်းတွေကို လည်း ဒီနှစ်အတွင်း ရအောင်ထားပေးမယ်ဆိုပြီး ဆေးရုံတွေလည်း ဆောက်မယ်လို့ပြောတယ်၊ မီးလည်းဒီနှစ်ရမယ်လို့ပြောထားတယ်”ဟုပြောသည်။

ဦးခက်ထိန်နန်နှင့်အတူ စစ်ကောင်စီ၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် နှင့် မွေးမြူရေး စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရသည်။

ထိုသို့ နေရပ်ပြန် စစ်ရှောင်ကျေးရွာများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ပေးရန် စစ်ကောင်စီ ဝန်ထမ်းများ လာရောက်ပြောဆိုခဲ့ခြင်းအပေါ်  ဂါးရာယန် ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ယခုလို ပြောသည်။

“သူတို့က အဲ့လိုလာပြောထားတာပေါ့၊ အဲ့ဒီအပေါ်မှာ ဘယ်လိုခံစားရလဲဆိုတာ မပြောတတ်ဘူး၊ ကျွန်မတို့က နေရပ်ပြန်နိုင်တဲ့အတွက် ဝမ်းသာနေတာဘဲ၊ လက်တွေ့မလုပ်သေးတဲ့အတွက် သူတို့တွေ လုပ်ပေးမယ်ဆိုတဲ့ အပေါ်မှာ စိတ်ကျေနပ်မှုတော့ မရှိသေးဘူး၊ သူတို့တွေ လက်တွေ့လုပ်လာရင်တော့ ကျေးဇူးတင်တယ်လို့ ပြောမယ်”ဟုပြောသည်။

လက်ရှိ နေရပ်ပြန် စစ်ရှောင်ပြည်သူများမှာ ဂါးရာယန်ကျေးရွာတွင် အိမ်ထောင်စု ၃၄၀ ကျော်၊ အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၃ထောင်ဝန်းကျင်၊ ကဇူးကျေးရွာတွင် အိမ်ထောင်စု ၁၅၅စု နှင့် လူဦးရေ ၆၇၀ ရှိပြီး ဒဘတ်တွင် အိမ်ထောင်စု ၂၆၄ စု၊ အိမ်ခြေ ၂၅၄ လုံးနှင့် လူဦးရေ ၁၄၅၄ ဦး ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာ ၃ ရွာသည် ဝိုင်းမော်မြို့မှ မိုင် ၂၀ ခန့်အကွာတွင် တစ်ဆက်တည်း တည်ရှိသောကျေးရွာများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတို့ကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ထွက်ပြေးလာသော ဒေသခံများ ဖြစ်သည်။

စစ်ရှောင်စခန်းတွင်နေထိုင်စဉ် အကူညီမရရှိခြင်းနှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲလာသောကြောင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ နေရပ်ပြန်ရန် စီစဉ်ခဲ့ကြပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် လူဦးရေ ခွဲကာ နေရပ်ပြန်လာကြခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်နယ်မြေဖြင့် နီးကပ်သောကြောင့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာပါက အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သော နေရာများဖြစ်သည်ဟု သိရသည်။

July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...