ချေးငွေ ကျပ် ၁၀ ဘီလီယံကို ရခိုင်က လုပ်ငန်းရှင်များ မရသေး

ချေးငွေ ကျပ် ၁၀ ဘီလီယံကို ရခိုင်က လုပ်ငန်းရှင်များ မရသေး
ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းခွင် တစ်နေရာ။
ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းခွင် တစ်နေရာ။

ရခိုင်ပြည်အတွင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုထားကြောင်း (ဒီဇင်ဘာလ ၁၅ ရက်) ရခိုင်ပြည်နယ်နေ့တွင် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အဆိုပါချေးငွေကို ရခိုင်ပြည်အတွင်းက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း အပါအဝင် အသေးစား၊ အလတ်စားနှင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးတွင် လုပ်ရှင်များအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အချိန် ၄ လခန့်ကြာသည့်တိုင် အဆိုပါချေးငွေများကို ရခိုင်က လုပ်ငန်းရှင်များ မရရှိသေးကြောင်း သိရသည်။

“အဲဒါက ထုတ်ချေးပြီလားဆိုတာ သတင်းမကြားသေးဘူး။ ဒီလကုန်ရင်တော့ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ရှိတယ်။ အဲခါကျမှပဲ ကျနော် ပြန်ပြောပေးပါမယ်။ ကျနော်တို့ဆီတော့ ဘာမှ အကြောင်း မကြားသေးတဲ့အတွက် ဘာမှ မရသေးဘူးဖြစ်နေတယ်”ဟု MSME Association Rakhine အသင်း ဥက္ကဌ ဦးညီတိုးမင်းက DMG သို့ပြောသည်။

၎င်းချေးငွေများကို ရခိုင်ပြည်က ဆားလုပ်ငန်းရှင်များသို့ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောထားသော်လည်း လက်ရှိအချိန်ထိ ချေးငွေထုတ်ပေးခြင်း မရှိသေးကြောင်း ကျောက်ဖြူမြို့နယ်က ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆားရာသီကလည်း နောက်ထပ် ရက် ၂၀ လောက်ပဲ ရှိတော့တယ်ဆိုတော့ ရာသီကုန်တော့မယ်။ ဟိုလပေးမယ်၊ ဒီလပေးမယ်နဲ့ လပေါင်းများစွာကြာနေပါပြီ”ဟု ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းရှင် ဦးကျော်မောင်သန်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများမှ ယင်းချေးငွေကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့တွင် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။

ယခုအချိန်ထိ ချေးငွေမရရှိဘဲ ကြန့်ကြာနေသည့်အပေါ် သံသယရှိကြောင်း ရခိုင်က နောက်ထပ် ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အစိုးရက ချပေးတာက ဆားတောင်သူတွေဘဝ ပြန်လည်ဦးမော့လာဖို့အတွက် ချပေးတာ။ အဲဒီငွေကြေးတွေကို အထက်က လူကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေက မလိမ့်တပတ်နဲ့ ဆားတောင်သူတွေရဲ့ အခန်းကဏ္ဍတွေကို မျက်ကွယ်ပြုဖို့ ကြိုးစားနေကြတယ်လို့ထင်တယ်”ဟု အမည်မဖော်လိုသည့် ဆားလုပ်ငန်းရှင်တစ်ဦးက ဝေဖန်သည်။

အဆိုပါ ချေးငွေကျပ် ၁၀ ဘီလီယံကို ထုတ်ချေးပေးနေပြီဖြစ်ကာ အချို့နေရာတွင် ကြန့်ကြာမှုများ ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက DMG ကိုပြောသည်။

“အဲဒါက ပေးနေပါပြီ။ မူလည်း ချပြီးပြီ။ အဲဒီအတိုင်းပေးနေပြီ။ တချို့နေရာတွေမှာ Procedure (လုပ်ထုံးလုပ်နည်း)လေးတွေကလွဲလို့ တစ်ဆို့နေတာလေးတော့ ရှိတယ်။  ချေးငွေတွေ ထုတ်ပေးနေတယ်ဆိုတာ အသေးစိတ်စာရင်းတွေကို သက်ဆိုင်ရာဝန်ကြီးတွေပဲ သိမယ်။ ဟိုတလောကတော့ ပလ္လင်ပြင်(စစ်တွေ)ဘက်က ရွာတွေမှာ ငါးလုပ်ငန်းနဲ့ ပတ်သက်ပြီး သူတို့သွားပေးတာသိလိုက်တယ်”ဟု ဦးလှသိန်းက ရှင်းပြသည်။  

ပြည်နယ်စစ်ကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို DMG က ဆက်သွယ်မေးမြန်းရာတွင် “အစည်းအဝေး လုပ်နေသည်”ဟု ပြောသဖြင့် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

အဆိုပါ ချေးငွေကျပ် ၁၀ ဘီလီယံကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန်မလိုဘဲ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးထားခြင်းဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...