ရခိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများ၌ ကျန်းမာရေး စိန်ခေါ်ချက်များနှင့် ကြုံတွေ့နေရ

ရခိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများ၌ ကျန်းမာရေး စိန်ခေါ်ချက်များနှင့် ကြုံတွေ့နေရ
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)

ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများ မရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲ စိန်ခေါ်ချက်များနှင့် ကြုံနေကြရသည်။

ရသေ့တောင်မြို့နယ်၊ မယူကမ်းရှိ သံချောင်း၊ လောင်းချောင်း၊ သရက်ချောင်း၊ မင်းဖူး၊ အောင်မင်းရွာ၊ ကျေး တပင်နှင့် အောင်ဆိပ် စသည့် ကျေးရွာများတွင် လက်ရှိကာလ၌ ကျန်းမာရေးပြဿနာ ပိုမိုကြုံတွေ့နေကြရသည်။

အဆိုပါ ကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းမရှိသည့်အပြင် ကျန်းမာရေးဝန်ဆောင်မှုများလည်း မရရှိသ ဖြင့် အခြားနေရာများသို့ သွားရောက်ပြသနေကြရပြီး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခရီးစရိတ် ကြီးမြင့်ကာ ငွေကြေးမတတ်နိုင်သူများမှာ ဆေးကုသမှု မခံယူနိုင်ဖြစ်နေကြရသည်။

ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက “ဆေးခန်းပြဖို့အတွက် တအားအခက်အခဲဖြစ်တယ်။ ငွေကြေးတတ် နိုင်တဲ့သူတွေတောင် ဆေးခန်းပြဖို့ အခက်အခဲဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့လေ။ အရေး ပေါ် အခြေအနေတွေ ဖြစ်နေရင်တောင် ဘုတ်မထွက်လို့ မသွားရဘူး။ ဘုတ်ကလည်း တစ်ပတ်မှာ နှစ်ရက်ပဲ ထွက်တာ။ ကိုယ်ပိုင်ဘုတ်ငှားပြီးသွားရင် လမ်းစရိတ်တစ်ခုတည်း ဆယ်သိန်းလောက်ကုန်တယ်။ ပိုက်ဆံ မရှိသူတွေဆို လုံးဝဆေးမကုရတဲ့အခြေအနေ ရှိတယ်” ဟု ပြောသည်။

မယူကမ်းဒေသခံများသည် ကျန်းမာရေးကိစ္စ ကြုံလာပါက ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင် စသည့် နေရာများသို့ ရေတတစ်တန်၊ ကုန်းတစ်တန် သွားရောက်နေကြရပြီး လမ်းခရီး ကြန့်ကြာမှုကြောင့် အရေးပေါ် လူနာများအတွက် အခက်ကြုံနေကြရသည်။

အလားတူ အဉ္ဇနပူရ (မင်းပြား) မြို့နယ်အတွင်းရှိ တောင်ရှည်ပြင်၊ သဗြုတ်ရေမျက်၊ ကျွဲနစူး၊ ဒါးသွေးကျောက်၊ ရင်းချောင်းနှင့် နတ်ကံပြင် စသည့် ကျေးရွာများတွင်လည်း တိုက်နယ်ဆေးပေးခန်းများ မရှိသဖြင့် မြေပုံနှင့် မင်းပြားမြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားရောက် ကုသနေကြရသည်။

ရင်းချောင်းဒေသခံ အမျိုးသားတစ်ဦးက “ဆေးပေးခန်းက လုံးဝမရှိဘူး။ပုံမှန် ဖျားနာတာဆိုရင် ရွာကဆေးဆရာ တွေနဲ့ ကုလို့ရတယ်။ ဒါပေမဲ့ အရေးပေါ် အခြေအနေဆိုရင် ရေလမ်းရော၊ ကုန်းလမ်းရော ခရီးနှစ်ခါသွားနေရ လို့ အဆင်မပြေဘူး။ မင်းပြားကို လာကုရင် ရေလမ်းနဲ့နှစ်နာရီကြာမယ်။ မြေပုံဘက်ကိုဆိုရင် တစ်နာရီလောက် ကြာတယ်။ လတ်တလော အရေးပေါ်အခြေအနေဆိုရင် ဆေးပေးခန်းမရှိတော့ အဆင်မပြေကြဘူး” ဟု ပြောသည်။

တောင်ရှည်ပြင်အုပ်စုရှိ သဗြုတ်ရေမျက်ကျေးရွာတွင် အိမ်ထောင်စု ၇၂ စု၊ ကျွဲနစူးရွာတွင် အိမ်ထောင်စု ၈၁ စု၊ ဒါးသွေးကျောက်ရွာတွင် အိမ်ထောင်စု ၉၇ စုခန့် ရှိပြီး ရင်းချောင်းအုပ်စုရှိ ရင်းချောင်းကျေးရွာတွင် အိမ်ထောင်စု ၂၅၆ စုနှင့် နတ်ကံပြင်ကျေးရွာတွင် အိမ်ထောင်စု ၆၈ စုခန့် ရှိသည်။

အဆိုပါ ဒေသများတွင် ကျေးလက်ဆေးပေးခန်းများ မရှိသဖြင့် ရာသီအလိုက် ဖြစ်ပွားတတ်သော ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ကူးစက်ရောဂါများ ဖြစ်ပွားပါက အချိန်မီ ဆေးကုသမှု ခံယူနိုင်ရန် ကျန်းမာရေးစောင့် ရှောက်မှု ပံ့ပိုးပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက “ULA/AA ကို တောင်းဆိုချင်တာထက် သိစေချင်တာပေါ့။ ရခိုင်တပြည်လုံးက ကျေးလက်ဒေသတွေ၊ အလှမ်းဝေးတဲ့ဒေသတွေမှာ ဆေးပေးခန်းတွေ လုပ်နိုင်ရင် ပိုပြီးကောင်းသွားမယ်။ ရွာတစ်ရွာမှာ ဆေးပေးခန်း တစ်ခုမလုပ်နိုင်ရင်တောင် ရွာငါးရွာပေါင်း တစ်ခု၊ ရွာဆယ်ရွာပေါင်းတစ်ခု လုပ်ပေးရင် အဆင်ပြေမယ်။ အရေးပေါ်လူနာတွေလည်း ဆေးခန်းပြရတာ အဆင်ပြေသွားမယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ အမြန်ဆုံး အကောင်အထည် ဖော်ပေးစေချင်တယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်း မလုံလောက် မှုကို ဖြေရှင်းနိုင်ရန် သူနာပြုသင်တန်းများနှင့် ဆေးသိပ္ပံကျောင်းများ ဖွင့်လှစ်ထားသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ထမ်း လိုအပ်မှုကို ဖြည့်တင်းနိုင်ပါက ဝေလံခေါင်ဖျားဒေသနှင့် လမ်းပန်းဆက်သွယ် ရေး ခက်ခဲသော ကျေးလက်ဒေသများသို့ ဖြန့်ကျက်တာဝန်ချထားပေးရန် ပြည်သူများက မျှော်လင့်လျက်ရှိကြ သည်။

လက်ရှိ ရခိုင်ပြည်တွင် ဆရာဝန် စုစုပေါင်း ၆၀ နီးပါး ရှိနေပြီဖြစ်သော်လည်း ဆေးဝါး၊ စက်ကိရိယာနှင့် ကျွမ်း ကျင်သည့် ကျန်းမာရေးဝန်ထမ်းများ မလုံလောက်သေးခြင်းကြောင့် ပြည်သူများမှာ ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်သည်။

Most read this week

ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...