ကွတ်ခိုင်မြို့နယ် မီးသွေးဖုတ်မှု များပြားမှုကြောင့် ဒေသအတွင်း သစ်တောပြုန်းတီးနေ

ကွတ်ခိုင်မြို့နယ် မီးသွေးဖုတ်မှု များပြားမှုကြောင့် ဒေသအတွင်း သစ်တောပြုန်းတီးနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်းတွင် သစ်ခုတ် မီးသွေးဖုတ် ပြုလုပ်မှု များလာသဖြင့် ဒေသအတွင်း သစ်တောပြုန်းတီးမှုလည်း များပြားနေကြောင်း သိရသည်။

ကွတ်ခိုင်မြို့ နှင့် နမ့်ဖက်ကာ အနီးတစ်လျှောက်ရှိ သစ်တော၊ သစ်ပင်များရှိသည့် နေရာများကို ဒေသခံရွာသားများက သစ်တော ခုတ်ထွင်ရှင်းလင်းပြီး မီးသွေးပြုလုပ်နေမှု ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ဒေသခံ များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒေသခံတွေက သစ်တွေခုတ်ပြီးတော့ မီးသွေးဖုတ်ကြတယ်လေ၊ ပြီးတော့ ပိုက်ဆံရှိတဲ့ သူတွေကလည်း သစ်တောဝိုင်း ဝယ်ပြီးတော့ မီးသွေးဖုတ်ကြတယ်၊ သစ်တောရှိတဲ့ နေရာဆိုရင် သစ်တွေခုတ်ပြီး မီးသွေးဖုတ်ကြပြီ၊ ကြည့်လိုက်ရင် သစ်တောတွေပြုန်းပြီး ရာသီဥတုကလည်း အရမ်းပူလာတယ်” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ နှင့် နမ့်ဖက်ကာ တစ်လျှောက်ရှိ သစ်တောဝိုင်းများသည် မီးသွေးဖုတ် ကျင်းများနှင့် ပြည့်နေပြီး ယင်းကဲ့သို့ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုလည်း ပူလာသည့်အပြင် ချောင်းရေ တွင်းရေ ခမ်းခြောက်မှုများလည်း ရှိလာကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် နွေဦးရာသီ ရောက်ခါစ ဖြစ်နေသော်လည်း မီးသွေးဖုတ်မှုကြောင့် သစ်တော ပြုန်းတီးမှုများလာပြီး အချို့ကျေးရွာ ရပ်ကွက်များရှိ တွင်းရေများလည်း ယခင်ကထက် လျှော့နည်းလာကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“အခုလိုမျိုး သားဆက်ဖြစ်သွားရင်တော့ မလွယ်လောက်တော့ဘူးထင်တယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေလည်း ရှိလာမယ်၊ ပြီးတော့ အဓိက ကတော့ ရာသီဥတု ပိုပူလာမယ်၊ ဆောင်းတွင်းဆိုလည်း ပိုအေးမယ်ပေါ့၊ အခုတောင် တချို့ရေတွင်းက ရေတွေလျှော့ကုန်ပြီ” ဟု ၎င်းက ဆက်ဆိုသည်။

ယခုနှစ်အတွင်းတွင် ကွတ်ခိုင်မြို့နယ် နှင့် ၈ မိုင်ခန့် ကွာဝေးသည့် မိုင်းယုလေးဘက်မှ နမ့်မောချောင်း တစ်လျှောက် ရွှေတူးဖော်လုပ်ငန်း ၊ ရွှေကျင်လုပ်ငန်း လုပ်နေခြင်းကြောင့် လက်ရှိတွင် နမ့်မောချောင်းလည်း ရေတိမ်နေကြောင်းသိရသည်။

အဆိုပါ နမ့်မောချောင်းသည် မိုင်းယုလေး၊ နမ့်ဖက်ကာ နှင့် ကွတ်ခိုင်မှ ဒေသခံတချို့၏ လယ်ယာများ အားကိုးအားထား ပြုနေရကြောင်းလည်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ အပြင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသော်လည်း ယခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်အထိ ပြုလုပ်သည့် ရွှေတူးဖော်မှု များကို တားမြစ် လုပ်ဆောင်ခြင်း မရှိသည့်အပြင် ရှယ်ယာပါဝင်ခြင်းလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်းသည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည့် ကချင်တပ်ဖွဲ့ KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ကလည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...