မယ်ဆိုင်ချောင်းရေတက်၍ အုတ်တံတိုင်းပြိုကျကာ တာချီလိတ်၌ ရေကြီးရေလျှံမှုဖြစ်ပွား

မယ်ဆိုင်ချောင်းရေတက်၍ အုတ်တံတိုင်းပြိုကျကာ တာချီလိတ်၌ ရေကြီးရေလျှံမှုဖြစ်ပွား
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd

သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်းသို့ ရေဝင်ရောက်လာသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက် မြင့်တက်လာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျကာ တာချီလိတ်မြို့၊ တာလော့ရပ်ကွက် အတွင်းသို့ ရေများ အရှိန်ဖြင့် စီးဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေကြီးမှုကြောင့် အထပ်နိမ့်နေအိမ်များတွင် နေထိုင်သူများ ပြောင်းရွှေ့နေကြရပြီး ကားလမ်းမများပေါ် တွင်လည်း ရေကြီးနေသဖြင့် သွားလာရေး ခက်ခဲနေကြောင်း မြို့ခံများက ပြောသည်။

“ထိုင်းဘက်အခြမ်းက မနှစ်ကတည်းက ရေကြီးထားတော့ ကောင်းကောင်း ကာကွယ်ထားတယ်။ သူတို့ အစိုးရ ကောင်းတော့ ထိုင်းဘက်ခြမ်းတော့ ရေမဝင်ဘူး။ တာချီလိတ်ဘက်ကျတော့ ကာထားတဲ့ အုတ်တံတိုင်းပါ ကျိုး ပြီး ရေတွေဝင်တာ။ ရေစီးသန်တော့ သွားလာမရဖြစ်နေတာ။ ရေက ခါးအထိ မြုပ်တယ်။ အနိမ့်ပိုင်းကဆို ပြောင်း ကုန်ပြီ။ အထပ်မြင့်ကသူပဲ ကျန်တာ” ဟု တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ နှစ်စဉ် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသဖြင့် စစ်အုပ်စုတပ်နှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ချောင်းနံဘေးရှိ ရေဘေးအကာအကွယ်များကို အခိုင်အမာ တည်ဆောက်ပေးစေလိုကြောင်းနှင့် ပြည်သူများကို ငဲ့ကြည့်ပေးစေလိုကြောင်း ၎င်းအမျိုးသားက ဆိုသည်။

စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တာချီလိတ်မြို့၌ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“မိုးနည်းနည်းရွာလည်း ရေကတက်တယ်၊ မယ်ဆိုင်ချောင်းဘေး နေတဲ့သူက နှစ်တိုင်း ရေကြီးတာ ကြုံရတယ်။ နှစ်တိုင်းကြီးကျတော့ အဆင်မပြေဘူး အခုဆို တာလော့ဈေးပါ ပိတ်ထားရတယ်။ ရေပြန်ကျလည်း ရွှံ့တွေ နွံတွေ ကျန်ခဲ့တာ ရှင်းရတာအမော၊ နွေရာသီကျတော့လည်း ရွှံ့တွေကနေ ဖုန်တွေအဖြစ်ပြောင်းတော့ နေထိုင် လို့ မကောင်းဘူး။ စိတ်ရှုပ်စရာကြီး” ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

နှစ်စဉ် ရေဘေးကြုံတွေ့ရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ထိရောက်သည့် ကူညီဖြေရှင်းပေးမှု မရှိသောကြောင့် ဒေသခံများမှာ ကိုယ်ထူကိုယ်ထဖြင့်သာ ဖြေရှင်းနေကြရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့ကလည်း မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသေးသည်။

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁,၂၀၀ ကျော်တွင် တည်ရှိသည့် တာချီလိတ်မြို့သည် မိုးရွာသွန်းမှုကြောင့် နှစ်စဉ် ရေလွှမ်းမိုးမှု ခံရလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် မြစ်အထက်ပိုင်း၌ ရွှေနှင့် သတ္တုများကို အလွန် အကျွံ တူးဖော်မှုများကြောင့် ရေကြီးရေလျှံသည့် ပြဿနာမှာ ပိုမိုဆိုးရွားလာကြောင်း ဒေသခံများက ထောက်ပြ ကြသည်။

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...