ဘဏ်အကောင့်ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်များ ရယူပြီး ကျားဖြန့်ထံ ရောင်းစားမှုများရှိနေ

ဘဏ်အကောင့်ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်များ ရယူပြီး ကျားဖြန့်ထံ ရောင်းစားမှုများရှိနေ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ များပြားသည့် နေရာများတွင် လူတစ်စုက ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ် အကောင့်များ ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်နှင့် မျက်နှာဓာတ်ပုံများကို ရယူ၍ ကျားဖြန့်ဂိုဏ်းများထံ ရောင်းစားမှုများ ရှိနေသည်။

တောင်ကြီးမြို့နယ်၊ အောင်ပန်းမြို့ဘက်တွင် သက်လတ်ပိုင်း လူတစ်စုက ခရီးသည်များထံ ချည်းကပ်ပြီး ဘဏ် အကောင့် အခမဲ့ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်များကို ဓာတ်ပုံရိုက်ယူ၍ ဘဏ်အကောင့် ခိုးဖွင့်ခံရသည့် ဖြစ်စဉ်များ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ထိုသို့ ဓာတ်ပုံရိုက်ယူခံရသည့် အမျိုးသားတစ်ဦးသည် ဘဏ်အကောင့် သွားရောက်ဖွင့်လှစ်စဉ် မိမိနာမည်ဖြင့် သုံးစွဲသူ ရှိနေသည့်အတွက် ပြန်လည်ဖွင့်လှစ်၍ မရတော့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွာငံဒေသခံ အမျိုးသားတစ်ဦးက “အောင်ပန်း ကုန်သွားရောင်းရင်းနဲ့ ဘဏ်ဖွင့်ပေးမယ် ဖွင့်လို့ရမရ လုပ်ကြည့် ပေးမယ်ဆိုလို့ ကျနော်လည်း မှတ်ပုံတင် ပေးလိုက်တယ်၊ ကျနော်ရဲ့မျက်နှာလည်း ပုံရိုက်သွားတယ်၊ ဖွင့်လို့ မရ သေးဘူးလို့ ပြောသွားတယ်။ ကျနော်လည်း တစ်ခါမှ ဘဏ်အကောင့်မဖွင့်ဖူးဘူး။ ဟိုရက်က KPZ pay center မှာ အကောင့်ဖွင့်တာ ဖွင့်ပြီးသားလို့ ပြောတယ်” ဟု ပြောသည်။

ထိုကဲ့သို့ မှတ်ပုံတင်ဖြင့် ဘဏ်အကောင့် ခိုးဖွင့်ခံလိုက်ရသဖြင့် နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာ မည်ကို စိုးရိမ်နေသော်လည်း မည်သို့ ဖြေရှင်းရမည်ကို မသိရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရွာငံ-အောင်ပန်း သွားလမ်းဘက်တွင်လည်း စစ်အုပ်စုတပ် ယူနီဖောင်းဝတ်ဆင်ထားသူများက ခရီးသွား များ၏ မှတ်ပုံတင်နှင့် ဓာတ်ပုံများကို ရိုက်ယူသွားသည့် ဖြစ်စဉ်များရှိကြောင်း ခရီးသွားများထံမှ သိရှိရသည်။

ဘဏ်အကောင့်များ ခိုးဖွင့်ခံထားရပါက နောက်ဆက်တွဲအနေဖြင့် မိမိနာမည်ဖြင့် တရားမဝင် ချေးငွေယူခြင်းများ၊ ငွေမဲများကို မိမိနာမည်ပါ ဘဏ်အကောင့်ဖြင့် ထုတ်ယူခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး အရေးယူခံရပါက မှတ်ပုံတင် ပိုင်ရှင်များသာ ဖြစ်လာနိုင်ကြောင်း တောင်ကြီးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက အသိပေးထားသည်။

“ကျားဖြန့်တွေကို လိမ်နည်းမျိုးစုံနဲ့ကို လိမ်လည်နေကြတာ၊ ပြည်သူတွေ အသိသတိနဲ့ သွားလာကြဖို့ လိုတယ်၊ ကိုယ်ရေးကိုယ် အချက်လက်တွေကို မမျှဝေတာ ပုံရိုက်မခံတာ အကောင်းဆုံးပဲ၊ တစ်ခုခုဆို ကိုယ်ပဲ ခြိမ်း ခြောက်ခံရမှာ တကယ်လို့ ဘဏ်အကောင့်ဖွင့်ပေးမယ် ပြောရင် သူတို့ရဲ့ အထောက်ထားတွေ သေချာ တောင်း ကြည့်သင့်တယ် အလွယ်မယုံကြည်သင့်ဘူး” ဟု အဆိုပါ လူငယ်အမျိုးသားက ပြောသည်။

ကျားဖြန့်အဖွဲ့ဝင်များသည် ဘဏ်အကောင့်နှင့် မှတ်ပုံတင်များကို သိန်းရာချီပေး၍ လိုက်လံဝယ်ယူနေကြသဖြင့် ကျားဖြန့်အကွက်ထဲသို့ မဝင်ရောက်မိစေရန် အထူးသတိထား ဆင်ခြင်စေလိုကြောင်းလည်း ၎င်းက ဆက်လက် တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ခရီးသွားလာရာ၌ မှတ်ပုံတင်များကို ကိုယ်နှင့်မကွာ ဆောင်ယူ ရသည့် အခြေအနေကို အခွင့်ကောင်းယူ၍ လိမ်လည်ကာ မှတ်ပုံတင်များအား ဓာတ်ပုံရိုက်ယူမှုများ ဖြစ်ပေါ်လာ ခြင်း ဖြစ်သည်။

လက်ရှိတွင် Viber App နှင့် Telegram App သုံးစွဲသူများထံ “ပြောစရာတစ်ခုရှိလို့” ဟူသော စာသားများ ပေးပို့ ကာ အွန်လိုင်းဂိမ်းဝဘ်ဆိုက်များ ကြော်ငြာခြင်း၊ ပေးထားသည့် လင့်ခ် (Link) များကို နှိပ်မိပါက မိမိတို့၏ အကောင့်များ ဟက် (Hack) ခံရနိုင်သည့်အတွက်လည်း ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်လျက် ရှိသည်။

ဓာတ်ပုံ - Crd

Most read this week

September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...