မူဆယ်တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် မြို့ခံများပင် သိန်းချီ ကုန်ကျနေ

မူဆယ်တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် မြို့ခံများပင် သိန်းချီ ကုန်ကျနေ

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းများအတွက် ကုန်ကျ စရိတ်များ အဆမတန် မြင့်တက်နေပြီး မြို့ခံများ ကိုယ်တိုင် ပြုလုပ်ရာတွင်ပင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေ ကြောင်း ဒေသခံများက ပြောသည်။

အခြားဒေသမှ ရွှေ့ပြောင်းလာသူများအပြင် တရုတ်နိုင်ငံသားများပါ မူဆယ်သို့ လာရောက်၍ အိမ်ထောင်စုစာရင်း သွင်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်နေကြသဖြင့် ဈေးနှုန်းများ ပိုမိုမြင့်တက်လာကာ မူဆယ်မြို့ခံများပါ အခက်ကြုံနေရသည်။

မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက “တလောက ကျနော်ရဲ့ ညီတောင် သူ့အိမ်ထောင်စု စာရင်းလုပ်တာ ကျပ် သိန်း ၃၀ ကုန်တယ်။ အခုနောက်ပိုင်း တရုတ်နိုင်ငံသားတွေကလည်း အိမ်ထောင်စု ဝယ်ယူတာတွေ နောက် တခြား ဒေသခံတွေကလည်း အိမ်ထောင်စုတွေ လာဝယ်တော့ စျေးတွေက ပိုတက်လာတယ်။ ပိုစျေးကြီးလာ တယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် အခြားမြို့နယ်မှ မူဆယ်သို့ ပြောင်းရွှေ့လာသူများအနေဖြင့် အမှန်တကယ် နေထိုင်သည့် အိမ်မရှိပါက အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် ခက်ခဲသည့်အပြင် အိမ်ပုံနှင့် လူပုံများ ရိုက်ကူး တင်ပြရသဖြင့် စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာကာ ငွေကြေး အဆမတန် တောင်းခံမှုများ ရှိနေသည်။

၎င်းဒေသခံ အမျိုးသားက “တခြားမြို့နယ်ကလူတွေ မူဆယ်ကို ပြောင်းလာပြီး တကယ် အိမ်မရှိရင် အိမ်ထောင် စုစာရင်း ပြောင်းလို့မရဘူး။ ဒေသခံတွေလုပ်ရင်လည်း အိမ်ပုံ၊ လူပုံလည်း ရိုက်ဖို့လိုတယ်။ အခုက နည်းနည်း တင်းကျပ်နေတာရှိတော့ ကုန်ကျစရိတ်များတယ်” ဟု ဆက် ပြောသည်။

အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ငွေကြေး အဆမတန် ပေးဆောင်ရခြင်းမှာ စစ်အုပ်စု လက်အောက်ခံ ဌာန ဆိုင်ရာများ၏ အဂတိလိုက်စားမှုနှင့် ငွေကြေး တောင်းခံမှုများကြောင့် ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန် ထားသော်လည်း လက်တွေ့တွင် လိုက်နာမှု မရှိဟု မြို့ခံများက ဝေဖန်ကြသည်။

“တကယ်တော့ ငွေကြေးတွေကြောင့်၊ ဌာနဆိုင်ရာတွေ ဒီလိုတွေဖြစ်တယ် ပြောရမှာပေါ့။ သူတို့က စည်းမျဉ်း စည်းကမ်း ဘယ်လောက်ထွက်ထွက် သေချာလုပ်တာမျိုး မရှိဘူး။ သူတို့ ရိုက်စားချင်ရင် ရိုက်စားတာပဲ။ ခြိမ်းခြောက်ဖို့ ထွက်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါပဲ။ တရုတ်ကို သွားဖို့ စားအုပ်နီတောင် ကျပ်ရာ ဂဏန်များရှိရမှာ ခုက သောင်းနဲ့ချီပေးနေရတာလေ” ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ခံများမှာ စစ်အုပ်စု၏ သက်ဆိုင်ရာ ဌာနဆိုင်ရာများကို အားကိုး၍ မရသည့်အပြင် အိမ်ထောင်စုစာရင်း ကိစ္စများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် စိုးရိမ်နေကြသဖြင့် အဆင်ပြေသလိုသာ နေထိုင်နေကြရသည်။

ဓာတ်ပုံ - (မူဆယ်မြို့ နာရီစင် / Crd) 

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...