BGF ခေါင်းဆောင်သားဖြစ်သူကား မိုင်းဆွဲခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် KNLA တပ်ဖွဲ့ဝင် ပြန်လွတ်လာ

BGF ခေါင်းဆောင်သားဖြစ်သူကား မိုင်းဆွဲခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် KNLA တပ်ဖွဲ့ဝင် ပြန်လွတ်လာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်သားဖြစ်သူ၏ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်သည် မတ်လ ၁၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသားဖြစ်သူ၏ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် သံသယဖြင့် အနီးအနားရွာတွင်ရှိသည့် KNLA တပ်ရင်း-၁၉မှ တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လူ ၄ ဦးကို BGF က ဖမ်းဆီးခေါ်သွားပြီး မဲသိမ်ရွာ (မဲသိမ်ကုန်း) နေရာတွင် ထိန်းသိမ်းကာ စစ်ကြောရေးများလုပ်ဆောင်ခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ထိုဖမ်းဆီးခံရသူများအနက် KNLA တပ်ဖွဲ့ဝင်သည် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိသည့် အတွက် နယ်မြေခံ KNLA တပ်မဟာ ၇ တာဝန်ရှိသူများဘက်က သွားရောက်အာမခံပေးမှုဖြင့် ပြန်လည်မြောက် လာခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒီ့ကွယ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ သူ့အမေနေမကောင်းလို့ တပ်ရင်းမှာခွင့်တိုင်ပြီးပြန်သွားတာ။ သူ့အိမ်ကလည်း အဲဒီဖြစ်စဉ်အနီးမှာရှိတော့ သူ့ကိုသူများကြည့်တာ နည်းနည်းထူးခြားတော့ ဖမ်းလိုက်တာ။ နောက်ပိုင်း အဲဒီဘက်က ကျနော်တို့ကို ပြန်ပေးသိ တော့ကျနော်တို့ ပြန်ဆက်လိုက်တယ်။ အဲဒီက တာဝန်ရှိသူတွေဘက်က ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြော သည်။

အဆိုပါ ဖမ်းဆီးခံရသူထဲမှ ကျန်(၃)ဦးမှာ ပြန်လည်လွှတ်ပေးခြင်းရှိမရှိကိုမူ သေချာမသိရသေးကြောင်းလည်း ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒီ့ကွယ်က ဆက်ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် အဆိုပါ KNLA တပ်ဖွဲ့ဝင်သည် စစ်ကြောခံရစဉ်တွင် အချက်ပေါင်းရာချီ ရိုက်နှက်ခြင်းခံရပြီး မိုင်းဖောက်ခွဲမှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်မှုရှိမရှိ စစ်ဆေးမေးမြန်း၊ ရိုက်နှက်ခြင်းရှိ သည့်အပြင် မီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆက်သွယ်မှုရှိမရှိကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူ KNLA တပ်ရင်း(၁၉)မှ တပ်ဖွဲ့ဝင် စောအဲဖောင်က ပြောသည်။

၎င်းက “ဒီကလူတချို့က မိုင်းခွဲတာ စောအဲဖောင်လူတွေ လုပ်တယ်ဆိုပြီး လိုက်ပြောတာပေါ့နော်။ အဲလို လိုက်ပြောတော့ ဒီမှာနေတဲ့လူတွေက သူတို့အတွက်အဆင်မပြေဘူး။ ကျနော်မလုပ်တာတောင် ကျနော့်လူတွေကို ခိုင်းတယ်ဆိုပြီး ပြည်ပကလူတစ်ချို့က အဲလိုလိုက်ပြောတော့ ကိုယ့်ကိုသူများ ဘယ်ယုံတော့မလဲ။ အမှန်က ကျနော်နဲ့ ဘာမှပတ်သက်မှုမရှိပါဘူး”ဟု စောအဲဖောင်က ကေအိုင်စီသို့ ပြောသည်။

ပြန်လည်လွတ်မြောက်လာရန်အတွက် KNLA တပ်မဟာ (၇) ဗျူဟာမှူး စောဒီ့ကွယ်အပါအဝင် တပ်ရင်း KNLA တပ်ရင်း (၁၉) တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်း တာဝန်ရှိသူအချို့က ၎င်းအားထိန်းသိမ်းထားရာ BGF မဲသိမ်ကုန်းအထိသွားရောက် အာမခံထုတ်ပေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များအကြား ရင်းနှီးမှုရှိသည့် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် BGF ကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...