မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စုတပ် စစ်ကြောင်းထိုး၍ အရပ်သား ၃ ဦး ပစ်သတ်ခံရ

မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စုတပ် စစ်ကြောင်းထိုး၍ အရပ်သား ၃ ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းအထိ အမျိုးသမီး ၁ ဦး အပါအဝင် အရပ်သား ၃ ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာသို့ စက်တင်ဘာလ ၈ ရက်မှ စတင်ဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ပြင်းထိန်မှ ဝေဒီ၊ ကုန်းဇရပ်၊ မဲမော် စသည့် ကျေးရွာများသို့ ဆက်လက် လှည့်လည်နေခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် ကုန်းဇရပ်နှင့် မဲမော်ကျေးရွာသို့ အဆိုပါ စစ်ကြောင်း ရောက်ရှိလာစဉ် အရပ်သား ၃ ဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ်တွင် နေထိုင်သည့် ဒေသခံများက ဆိုသည်။

လောင်းလုံးမြို့နယ်နေ ဒေသခံ အမျိုးသားတစ်ဦးက “ကုန်းဇရပ်ရွာကိုဝင်တာ အဲ့ဒီရွာမှာနေတဲ့ အဖိုးကြီးက အသက် ၉၀ လောက်ရှိပြီ၊ သူ့လည်ပင်းကို ပစ်သတ်သွားတယ်။ အဲဒီကနေ မဲမော်ကိုဆက်သွားတော့ ဖုန်းငွေ ဖြည့်ကတ်လာဝယ်တဲ့ သမီးရည်းစားလူငယ် ၂ ယောက်ပါ ထပ်ပစ်သတ်ခံရတယ် ဒီနေ့တစ်မနက်ထဲပဲ” ဟု ပြောသည်။

ထို့ပြင် အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ကုန်းဇရပ်ကျေးရွာရှိ ဒေသခံ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက် ဆီးခဲ့သေးသည်။

သေဆုံးသူများသည် ထွက်ပြေးရန် အချိန်မရတော့သဖြင့် ပိတ်မိ သတ်ဖြတ်ခံရခြင်းဖြစ်သကဲ့သို့ လက်ရှိတွင် ကျေးရွာအတွင်း စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျန်ရွာခံများလည်း တိမ်းရှောင်နေရကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်ကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အုပ်စု တပ် စစ်ကြောင်း ထပ်မံဝင်ရောက်လာသဖြင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သရက်ချောင်းမြို့ခံများက ပြောဆိုသည်။

ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကြောင်းပြန်ရောက်လာပြီ။ သရက်နှစ်ခွတို့ သင်းကျွန်းတို့ဘက်ကို ဝင်သွား တယ်။ အခုတစ်ခေါက်ကတော့ ထွေထွေထူးထူးမဖြစ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်တယ်။ အဲဒါပြီးတော့ ဒီမနက်ပဲပြန်ထွက်သွားတာ ကလိန်အောင်ကလာတဲ့စစ်ကြောင်းပါ” ဟု ပြောသည်။

ရွာခံများ၏ ပြောပြချက်အရ သရက်ချောင်းမြို့နယ်အတွင်း ဩဂုတ်လကလည်း စစ်အုပ်စုတပ် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းရှိပြီး ၎င်းတို့နှင့် မျက်နှာချင်းဆိုင် တိုးသည့် ဥတ္တူကျေးရွာမှ အရပ်သား လူငယ် ၁ ဦး သေနတ် ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်။

လောင်းလုံးမြို့နယ်တွင်မူ အလားတူ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းမှာ သဗျာကျေးရွာမှစ၍ ခြေရာပျောက်နေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မကြာခဏဆိုသလို စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း နယ်မြေပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံ စုစုပေါင်း ၁ သိန်းနီးပါး ရှိနေပြီး အရပ်သား ၁၁ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း FE5 Tanintharyi အဖွဲ့က မှတ်တမ်းတင်ထား သည်။

ဓါတ်ပုံ – ( Crd / Social Media )

September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...