ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဗီယက်နမ် သဘောတူ

ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဗီယက်နမ် သဘောတူ
ဓာတ်ပုံ - Việt Nam News
ဓာတ်ပုံ - Việt Nam News

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံ ရေး အဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း နိုင်ငံတကာ သတင်းဌာန ရိုက်တာက ဖော်ပြသည်။

ဗီယက်နမ်အစိုးရ၏ တရားဝင် ဖိတ်ခေါ်မှုဖြင့် မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဟနွိုင်းမြို့သို့ စက်တင်ဘာ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး၊ လူငယ်အရာရှိများ လဲလှယ်ရေး၊ ကယ်ဆယ်ရေး၊ သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးနှင့် ဒုစရိုက်မှုများ တားဆီးရန် သတင်းအချက်အလက် မျှဝေရေးတို့ကို ပိုမိုတိုးမြှင့်သွားရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း ဗီယက်နမ်ဘက်က ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“ဗီယက်နမ်နိုင်ငံအနေနဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုံခြုံရေး သေချာစေရေးနဲ့ ရေရှည် တည် တံ့တဲ့ တိုးတက်မှု ဖော်ဆောင်ရေးဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေဖို့ အသင့်ရှိပါတယ်” ဟု သမ္မတ တိုလမ်က ထုတ်ပြန်ချက်တွင် ပြောသည်။

မြန်မာ-ဗီယက်နမ် ဆက်ဆံရေးသည် တရားဝင်အားဖြင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးကို အခြေခံပြီး မိုင်တဲလ် (Mytel) တယ်လီကွန်လုပ်ငန်းကဲ့သို့ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်။ ထိုဆက်ဆံရေးမှတစ်ဆင့် ဗီယက်နမ်က စစ်အုပ်စုအား နည်းပညာ၊ စီးပွားရေးနှင့် လုံခြုံရေးပိုင်းမှ အထောက်အပံ့ပေးနေကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

ISP Myanmar ၏ ပြည်ပဆက်ဆံ ဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက “တစ်ခုသိထားဖို့ကတော့ ဗီ ယက်နမ်မှာ ဗီယက်နဲ့စတဲ့ဟာတွေဆိုရင် အဲဒါစစ်တပ်ပိုင်တာဗျ၊ ဗီယက်တဲက ကျနော်တို့ဆီက မိုင်တယ်နဲ့ တယ် လီကွန်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုရှိတာပေါ့ နောက်မော်တော်ကားထုတ်တဲ့ ကိစ္စတို့ ကျန်တဲ့နယ်ပယ်တွေ မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာတာပေါ့” ဟု မှတ်ချက်ပေးသည်။

ထို့အတူ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း ဗီယက်နမ်မြောက်ပိုင်းရှိ လျှပ်စစ်ကားထုတ်စက်ရုံနှင့် မိုင်တဲလ် ၏ ဗီယက်နမ်ဘက်က အဓိကပါတနာ Viettel ဆက်သွယ်ရေး လုပ်ငန်းစုများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နည်း ပညာနှင့် စက်မှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားခဲ့ကြောင်းလည်း ရိုက်တာသတင်းအရ သိရသည်။

ဦးမင်းအောင်လှိုင်သည် အာဆီယံနှင့် ဆက်ဆံရေး ပြန်လည်နီးစပ်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို တောက်လျှောက် အလေးပေး ပြောဆိုလေ့ရှိသည်။ ထို့နောက် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများသို့ ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာခဲ့ပြီး ဆက်ဆံရေး တိုးချဲ့ခဲ့ သည်။

စစ်ခေါင်းဆောင်၏ ရည်ရွယ်ချက်အပေါ် ဦးအောင်သူငြိမ်းက “အာဆီယံတစ်ခုလုံးက ပြန်လက်မခံနိုင်သေးတဲ့ အနေအထားရှိတော့ တစ်နိုင်ငံချင်း သူလိုက် ချဥ်းကပ်နေတာတွေ့ရတယ်။ အင်ဒိုနီးရှားတို့ ဘာတို့လည်း ဖိတ် မယ်လို့ယူဆရတယ် အဲ့ဒီလိုမျိုးနဲ့အာဆီယံထဲမှာ တဖြည်းဖြည်း ချဥ်းကပ်သွားမယ်လို့ ယူဆရတယ်” ဟု ဖြည့် စွက်သုံးသပ်သည်။

ထို့ပြင် ရိုက်တာ၏ ဖော်ပြချက်အရ အဆိုပါ ဗီယက်နမ်ခရီးစဉ်တွင် မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ကိုမျှ အခြားတစ်နိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် နိုင်ငံပိုင်နယ်မြေကို အသုံးပြုခွင့် မပြုရန် နှစ်ဖက်စလုံးက ကတိကဝတ်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲ သဘောတူ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဗီယက်နမ်ဘက်ခြမ်းမှ လေ့လာသုံးသပ်သူများကမူ ဗီယက်နမ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိန်းထားခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စုကို ထောက်ခံခြင်းမဟုတ်ကြောင်း ရှုမြင်နေကြသည်။

စစ်ခေါင်းဆောင်သည် လာမည့် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် ထွက်ခွာရန် အစီအစဉ်ရှိကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

Most read this week

ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...