မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့ ကျိုက်ထို မြို့အခြေစိုက် စစ်အုပ်စုတပ် တပ်မ(၄၄)မှ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် အသက် ၁၀ နှစ်အရွယ် ရွာခံ မိန်းကလေးငယ် ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ စက်တင်ဘာ ၆ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးသည် အလူးအုပ်စု၊ ညောင်ထောက်ရွာ၊ ကွက်သစ်ပိုင်း၊ တံတားသစ်နေရာသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ကျည်စများ ထိမှန်၍ အဆိုပါ မိန်းကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီး ပထမတစ်လုံးကျတော့ အဲ့ဒီကလေးမလေးက သူ့အမေနောက် လိုက်ပြေးရင်းနဲ့ တစ်နေရာမှာ သွားဝပ်နေတာ။ အဲ့အချိန်မှာပဲ နောက်တစ်လုံး ထပ်ကျတယ်။ ကျတဲ့ အစကနေပဲ ထိတော့ အဲဒီကလေးမလေး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် သေဆုံးသူ မိန်းကလေးငယ်၏ မိခင် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးမှာလည်း လက်နက်ကြီး ကျည်စ များ ထိမှန်ကာ စိုးရိမ်ရသည့် ဒဏ်ရာရရှိထားကြောင်း ကေအဲန်ယူ-သထုံခရိုင်နှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စစ်အုပ်စုတပ်၏ တပ်မ(၄၄) အပါအဝင် နယ်မြေအတွင်းရှိ တပ်ရင်းတပ်စခန်းများသည် ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေအတွင်း အရပ်သားများ နေထိုင်ရာ ကျေးရွာများကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ဖြစ်စဉ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ထောက်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ကေအဲန်ယူက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကလည်း သိမ်ဇရပ်မြို့အခြေစိုက် စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၅) မူလတန်းကျောင်း ဘောလုံးကွင်းအတွင်း သို့ ကျရောက်ပေါက်ကွဲကာ ကလေး ငယ် ၁ ဦး အပါအဝင် ၁၁ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။







