မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းဖြင့် မတ်လ ၁၃ ရက်နေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော မင်းတပ်-မတူပီလမ်းဘက်တွင် မတ်လ ၁၃ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချိူ့လည်း ရှိခဲ့သည်ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ညက လေယာဉ် နှစ်စီးလာပြီး တစ်စီးကဗုံးကြဲသွားတယ်။ မင်းတပ်- မတူပီလမ်းပိုင်းတနေရာလို့သိရတယ်၊ လက်နက်ကြီးနဲ့ပစ်တာက အချက်နှစ်ဆယ်ကျော်တယ်တညလုံးနီးပါးပစ်နေတယ်။ နေရာအတိအကျနဲ့ ထိခိုက်မှုက အနေ အထားတော့ဘာမှ မသိရသေးဘူး။ ဒီမနက်လည်း ပစ်တာ ၄ ချက်။” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တချိန်းတည်းမှာပဲ မင်းတပ်မြို့ပေါ်အထိုင်ချထားသော ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များ ပခုက္ကူမြို့မှ စစ်ကားအစီး ၈၀ ကျော်ဖြင့် ကျောက်ထုမြို့သို့ မတ်လ ၁၃ ရက်နေ့က ရောက်ရှိလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များသို့ ဆက်လက်ချီတက်လာနိုင်ဖွယ်ရာရှိသောကြောင့် စစ်ကောင်စီဘက်က လမ်းကြောင်းရှင်း ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မင်းတပ်နှင့် မတူပီမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာဖွယ်ရှိနေသည့်အတွက် ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းမကြီးကို ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန် CDF-Mindat မှ မတ်လ ၁၃ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားဆဲဖြစ်ပြီး ပြေပြင်အခြေနေများ အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...