ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူ

ဖလမ်းမြို့နယ် ပြည်သူ့ကျောင်းများအတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူ

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း ဖော်ဆောင်လျှက်ရှိကြသော ပြည်သူ့ကျောင်းများအတွက် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များရှိနေသည့်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပညာရေးဌာနက စေတနာ့ဝန်ထမ်းများ ခေါ်ယူလျက်ရှိသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေများတွင် ပြည်သူ့ကျောင်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစတင်၍ တစ်နှစ်ကျော်ကြာဖွင့်လှစ်လာခဲ့ပြီဖြစ်ကာ ယခုအခါကျောင်းဆရာ၊ ဆရာမလိုအပ်ချက်များရှိနေသည့်အတွက် စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု CNO ပညာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အဓိကတော့ အရင်ကတည်းက ရွာခံ ဆရာ/ဆရာမတွေ မရှိတာရယ် နောက်ပြီးတော့ ရွာမှာရှိတဲ့ လူငယ် ပညာတတ်တဲ့သူ ၁၀ တန်းအောင်ပဲဖြစ်ဖြစ် ဘွဲ့ရတဲ့သူတွေပဲဖြစ်ဖြစ် သူတို့တွေနိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေပိုများ လာတယ်တဲ့အခါကြတော့၊ အဲ့မှာ စာသင်ပေးမယ့် ဆရာ/ဆရာမတွေ မရှိဖြစ်သွားတာပါ" ဟု ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃၀ ခန့်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ကြပြီး သူငယ်တန်းမှ အထက်တန်းကျောင်း (Grade-11) အထိကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ချင်းတိုင်းရင်းသာစာပေ စသည့်ဘာသာရပ်များဖြင့် သင်ကြာပေးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါဖွင့်လှစ်ထားသော ကျောင်း ၁၃၀ ခန့်တွင် ကျောင်းသူ/ကျောင်းသား ၈၅၀၀ ကျော်ရှိပြီး ကျောင်းဆရာ/မ ဦးရေ ၅၄၀ ကျော်နေသော်လည်း ကျောင်းသူ/ကျောင်းသားပမဏာနှင့် ယှဉ်ကြည့်ပါက ကွာဟချက်များရှိနေပြီး အနည်းဆုံး ကျောင်းဆရာ/ဆရာမ အယောက် ၅၀ ခန့်လိုအပ်နေကြောင်း CNO ပညာရေးဌာနက တာဝန်ရှိသူက ပြောသည်။

"Volunteer တွေရှာရတာလည်း နည်းနည်းခက်တာကတော့ စားရေးသောက်ရေးက အရမ်းလိုအပ်လာတယ်ပေါ့နော်။ အဲ့ခါကျတော့ ထောက်ပံ့ကြေးတွေ၊ ဘာတွေကလည်း ရွာက လုံလုံလောက်လောက်မပေးနိုင်တဲ့အခါကျတော့၊ ကျွန်မတို့ ဘက်ကနေလည်း လုံလုံလောက်လောက်မပေးနိုင်တဲ့အခါကျတော့ သူတို့ဘက်ကလည်း စေတနာ့ ဝန်ထမ်းလုပ်ဖို့က အရမ်းခက်တယ်ပေါ့နော်" ဟု ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။

စေတနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ၊ ဆရာမများကို ချင်းအမျိုးသားအဖွဲ့ချုပ်က ၎င်း၏ လုံခြုံရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနှင့် စားရေးသောက်ရေးများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တစ်ချို့ဒေသများတွင် ထောက်ပံ့ကြေးပေးသွားမှာဖြစ်ပြီး အနည်းဆုံး စာသင်နှစ် တစ်နှစ် သင်ကြားပေးနိုင်ရမည်ဟု ဆိုပါသည်။

ထို့အပြင် ၁၀ တန်းအောင်ပြီး Volunteer ဆရာအဖြင့် လုပ်ချင်သောသူများအတွက် ဆရာဖြစ်သင်တန်းကို မကြာခင် ဖွင့်လှစ်ပေးသွားမည်ဟုလည်း သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...