ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့ပြင် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲချိန်တွင် မှော်မောင်းလျံဘက်မှ ဖားကန့်ဘက်သို့ ဆိုင်ကယ်မောင်းနင်းသွားစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားသည်ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“ကျနော်တို့သုံးသပ်ရသလောက်တော့ စစ်သားတွေပစ်သတ်လိုက်တာလို့ပဲထင်တယ်။ ဘာလို့လဲဆိုရင် အဲ့အနီးတဝိုက် ဖားကန့်ဖားမြို့အဝင်အထွက် ညကင်းလှည့်တဲ့အဖွဲ့ရှိတယ်။ ညကင်းနဲ့တိုးလို့ ဆိုင်ကယ်တားတာမရပ်ပေးတော့ ပစ်သတ်လိုက်တဲ့သဘောမှာရှိတယ်”ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပစ်သတ်ခံရသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုနေသော်လည်း KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို အဆိုပါ အမျိုးသား ၂ ဦးသည် မည်သူမည်ဝါးများဖြစ်ကြောင်းကို မသိရသေးပါ။

ထို ပစ်သတ်ခံရသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းအား မှော်မောင်းလျံမှ ဖားကန့်ဘက်သို့ သွားသည့် လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။

အလားတူ ယမန်ညတွင် စစ်ကောင်စီတပ်များသည် ဖားကန့်ဗျူဟာကုန်းမှာ ဖားကန့်မြို့ပြင်ဘက်သို့ လက်နက်ကြီး ၅ လုံးထက်မနည်း ရပ်သမ်းပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။

ဖားကန့်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ ကအကြောင်းမဲ့ပစ်သတ်မှုမကြာခဏ ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းသည့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်၊ ပျူစောထီးများလည်းမကြာခဏ ပစ်သတ်ခံနေရပြီး ယခုကဲ့သို့ပစ်သတ်ခံရမှု ၅၀ ဦးအထက်ရှိနေပြီဖြစ်သည်။

July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...