နိုင်ငံတကာအမျိူးသမီးများနေ့အတွက် စကားသံများ

နိုင်ငံတကာအမျိူးသမီးများနေ့အတွက် စကားသံများ

လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ရှေ့ထွက်တောင်းဆိုနေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများရှိသော်လည်း နိုင်ငံတကာနှင့်နှိုင်းယှဥ်လိုက်ပါက အင်မတန် နည်းပါးနေသေးပြီး အမျိုးသမီးများအား အကာအကွယ်ပေးရေးဥပဒေ ခိုင်မာမှုမရှိသည့်အပြင် အထူးသဖြင့် စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်း သား ဒေသများတွင် ပုံစံမျိုးစုံအကြမ်းဖက်ကျူးလွန်ခံရမှုများအား အမျိုးသမီးများက အများဆုံးခံစား နေရသည်။

ထိုသို့ဆုံးရှုံးနေသော အမျိုးသမီးအခွင့်အရေးများ၊ စိန်ခေါ်မှုများစွာကြားတွင် အံတုနေထိုင်ရ သောအမျိုးသမီးများ၏ အခက်အခဲများနှင့် အားပေးစကားသံများအား ကေအိုင်စီ-ကရင်သ တင်းဌာနက လူမှုအဖွဲ့အစည်း ခေါင်းဆောင်နှင့် အမျိုးသမီးအချို့ကို မေးမြန်းခဲ့ပြီး ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင်‌ ဂုဏ်ပြုတင် ဆက်လိုက်ပါသည်။

နော်ချယ်ရီ ( KWO )

အမျိုးသမီးတစ်ဦးအနေနဲ့ အခုက အများအားဖြင့်စားဝတ်နေရေး၊ အလုပ်အကိုင်၊ စီးပွား‌ရေး ဒါတွေဟာအများကြီးအခက်ခဲကြုံ‌ တွေ့ရတယ်။ အခုတွေ့ရတာကတော့ တစ်ချို့က အိမ်‌တွေ မီးရှို့ခံရ တယ်။ အိမ်မီးလောင်တော့ စိတ်ထိခိုက်ပြီးကျန်းမာရေးတွေထိခိုက်လာတာရှိတယ်။ တစ်ချို့ကလည်း သားသမီးတွေ ပညာဆက်လက်သင်ယူဖို့မတတ်နိုင်တော့ မိဘတွေစိတ်ဒဏ်ရာရတယ်။ အများအား ဖြင့်တော့ အမေတွေပိုစိတ်ဒဏ်ရာရတယ်။ ဒီလိုစိတ်ထိခိုက်လာ‌တာများတော့ ကိုယ်မကျန်းမ မာတာတွေဖြစ်လာတာတွေ ကြုံ‌တွေ့လာရတယ်။

ဒီလိုမထင်ထားတဲ့အပေါ် မပြင်ဆင်ထားတဲ့ပေါ် ကြုံတွေ့လာရတော့ ကိုယ့်အသက်တစ်‌ချောင်းလွတ် မြောက်ဖို့ အားတင်းထားပြီးနေတယ်။ လုံလုံခြုံခြုံနဲ့‌နေရဖို့၊ နေရာကိုနေရဖို့ သူများ (တာဝန်ရှိသူ) ပေးနေတဲ့နေရာနေပြီး အားတင်းထားတယ်။ တစ်ချို့အမျိုးသမီးတွေအပြင်မှာ သွားနေတယ်။ သွားနေတဲ့နေရာလုံခြုံခြုံနဲ့နေရဖို့ သူတို့အတွက်အရေးကြီးတယ်။ သစ်ပင်အောက်၊ ဝါးပင်အောက် လိုက်‌နေဖို့ အမျိုးသမီးငယ်တွေအတွက် အဆင်မ‌ပြေဘူ။ လုံခြုံရေးအတွက်လည်း အရေးကြီးတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောချင်တာက ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးအားလုံး စိတ်အား မငယ်နဲ့။ အားတင်းထားမယ်။ အတူတူလက်တွဲပြီးလုပ် ဆောင်သွားမယ်။‌ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို‌ ရောက်ပြီးအနိုင်ရဖို့ အတူတူလက်တွဲပြီးလုပ်ဆောင်သွားမယ်။

မန်းသိဏ်းဇော် (လူမှုအဖွဲ့အစည်းခေါင်းဆောင်)

မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ပိုများပါတယ်။ စစ်ဘေးဒဏ်ခံရ တဲ့နိုင်ငံတွေ၊ ဒေသတွေနဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသတွေမှာဆိုရင် ဘေးဒုက္ခတွေကို အမျိုးသမီး တွေဟာ အမျိုးသားတွေထက် ပိုပြီးတော့ခံစားရတယ်။ ဘာသာရေး အစွန်းရောက်တဲ့ နိုင်ငံတွေမှာဆိုရင်လည်း အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ် မှုတွေ၊ နိုင်ထက်စီးနင်းပြုမှုတွေ များစွာရှိပါတယ်။ ဘာသာရေးရှုထောင့်ကကြည့်ရင်လည်း ပညတ်ထားတာတွေအများကြီးရှိတယ်။ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးပေးဖို့လိုပါတယ်။

ပြောင်းလဲလာတဲ့ခေတ်ကာလ၊ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ အမျိုးသမီး တွေအခွင့်အရေး ပိုမိုရရှိလာဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်ကပဲ လုပ်ဆောင်တာမျိုး၊ တောင်းဆို တာမျိုး မဟုတ်ဘဲ အမျိုးသမီးတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ဒုက္ခတွေကို နားလည် စာနာပေးနိုင်တဲ့ အမျိုးသားတွေ၊ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီလှုပ်ရှားပေးသင့်ပါတယ်။ အမျိူးသမီးအခွင့် အရေးကို လေးစားတန်ဖိုးထားတဲ့ လူမှုရပ်ဝန်းပေါ်ပေါက်လာဖို့အတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ပပျောက်သွားရအောင် နိုင်ငံတကာအမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာလည်းပဲ နိုင်ငံတကာကအမျိုးသမီးတွေနည်းတူ နိုင်ငံတကာကထုတ်ပြန်ထားတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့အတွက် အဖွဲ့အစည်းအသီးသီးက ကြိုးစားလုပ်ဆောင်ပေး ဖို့လိုပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့နဲ့ပတ်သက်ပြီး အမျိုးသမီးတွေအားလုံးကို ကျနော်တို့ တန်ဖိုးထားလေးစားပါတယ်။ အမျိုးသမီးတွေမရှိရင် ကျနော်တို့တွေလည်း ရှိလာမှာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ကိုးကွယ်ယုံကြည်မှုအရ ဘုရားက အမျိုးသမီးနဲ့အမျိုးသားဆိုပြီး ဖန်ဆင်းပေးခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့် အခွင့်အရေးဆိုတာလည်း တန်းတူရသင့်ပါတယ်။

အမျိုးသမီး ထောက်ပို့တပ်ဖွဲ့ဝင်တစ်ဦး

အမျိုးသမီးတစ်ယောက်အနေနဲ့ရင်ဆိုင်ရတဲ့ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ လက်ရှိကာလမှာကိုပဲ အမျိုးသမီးတွေက စိတ်မလုံခြုံမှုတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေ၊ သတ်ဖြတ်ခံရတာတွေ အများကြီးပါပဲ ကျမတို့မြင်တွေ့နေရတယ်ပေါ့လေ။ ဒါတွေက ကိုယ်တိုင်ကြုံတွေ့ရတာမဟုတ်ဘူးဆိုရင်တောင် မမြင်သင့်တဲ့ကိစ္စတွေဆိုတော့ စိတ်ပိုင်းဆိုင်ရာအားဖြင့်က အများကြီးထိခိုက်ခံစားရပါတယ်။

အခု တော်လှန်ရေးကာလအတွင်းမှာဆိုရင်လည်း လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေး အရသော်လည်းကောင်း၊ ဒေသတစ်ခုရဲ့ဓလေ့ထုံးစံတွေအောက်မှာသော်လည်းကောင်းပေါ့၊ ကျမတို့အမျိုးသမီးတွေက အမျိုးသမီးဖြစ်လို့ဆိုတဲ့ကိစ္စရပ်တစ်ခုတည်းနဲ့ ခွဲခြားခံရမှုက အများကြီး ရှိပါတယ်။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေမှာ တချို့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို အကြမ်းဖက်ခံနေရတယ်လို့တောင် မသိတဲ့အနေအထားတွေရှိတယ်။ မျိုးဆက်တစ်ခုနဲ့တစ်ခု လက်ဆင့်ကမ်းပြီး လုပ်ဆောင်လာတဲ့အခါကျတော့ ယောကျ်ားမို့လို့ မိန်းမကို အကြမ်းဖက် လို့ရတယ်ဆိုတဲ့ပုံစံဖြစ်သွားပြီး ဒါတွေကိုလုပ်လို့ရတယ်ဆိုသလိုမျိုးပေါ့။

စိတ်ပိုင်းဆိုင်ရာအားဖြင့်ဆိုရင် ကျမတို့အခုနေတဲ့နယ်မြေထဲရောက်နေတဲ့သူတွေဆို ပိုဆိုးတယ်။ ဘယ်တော့များ လက်နက်ကြီး ကျမလဲပေါ့၊ ရွာထဲရှောင်တိမ်းနေတော့လည်း ရွာထဲကသူတွေက လက်သင့်ခံပါ့မလား၊ တောထဲဆိုရင်လည်း ကိုယ့်အဖွဲ့နဲ့ကိုယ်အဆင်ရောပြေပါ့မလားပေါ့ စတဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံတာတွေ အများကြီးစဥ်းစားစရာရှိတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေအတွက် ပြဌာန်းပေးထားတဲ့ ဥပဒေဆိုတာရှားတယ်ပေါ့နော်။ ရှိတဲ့ဥပဒေကလည်း တကယ်တမ်းကျတော့ ကျမတို့အမျိုးသမီးတွေအတွက် အကာအကွယ်ဖြစ်မနေဘူး။ ဒီဥပဒေပြုခဲ့တဲ့သူတွေကလည်း အများစုက အမျိုးသားတွေဖြစ်ပြီးတော့ အမျိုးသမီးပါဝင်မှုနှုန်းက အရမ်းနည်းတယ်။ အဲဒီတော့ အမျိုးသားတွေအတွက်ပဲ အခွင့်အရေးကို ကာကွယ်ဖို့အတွက်ပဲဆွဲထားတဲ့ ဥပဒေကများပါတယ်။ တကယ်တမ်းမှာ အမျိုးသမီးတွေ နေရာမရတဲ့အတွက် အမျိုးသမီးအခွင့်အရေးဆိုတာက ထွက်မလာဘူး။ အဲဒါကြောင့် အမျိူးသမီးတွေက လူ့အခွင့်အရေးဆိုတဲ့ပေတံနဲ့တိုင်းရင်တောင် အများကြီးဆုံးရှုံးနေရတယ်။

လက်ရှိအနေအထားရတော့ အမျိုးသမီးမှရယ်လို့မဟုတ်ဘဲ ကျမပတ်ဝန်းကျင်ကသူအားလုံးက ငါတို့လှဲကျသွားလို့မဖြစ်ဘူး၊ ပျော့ညံ့နေလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေနဲ့ဖြတ်သန်းကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးအောင်မှပဲ နိုင်ငံအနေအထားက ကျမတို့လိုချင်တဲ့ပုံစံကိုပြောင်း လဲယူရမှာမို့လို့ အကုန်လုံးက တော်လှန်ရေးအောင်ဖို့ပဲရှေးရှုပြီး‌တော့ ဖြတ်သန်းကြတယ်။‌ လိုအပ်လာ တဲ့ပြုပြင်ပြောင်းလဲမှုတွေကို အစီအစဥ်ဆွဲပြီး လုပ်ဆောင်နေတာတွေလည်းရှိနေပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ တချို့ဟာတွေက တော်လှန်ရေးပြီးမှတောင်းဆိုလို့ရမယ်ဆိုပေမယ့် လက်ရှိအနေအထားမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီမှုတွေ၊ ဖေးမမှုတွေနဲ့ပဲ ကျမတို့ဖြတ်သန်းနေရပါတယ်။

အလယ်တန်းပြ CDM ကျောင်းဆရာမတစ်ဦး (ဖားအံမြို့နယ်)

အခုလက်ရှိကျမအနေအထားကတော့ CDM လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ခက်ခဲပါတယ်။ အခက်အခဲဆိုတာက ပတ်ဝန်းကျင်မှာလည်း ပွင့်ပွင့်လင်းလင်းသွားလာလို့မရတဲ့ အခက်အခဲနဲ့ရင်ဆိုင်ရတယ်။ နောက်ပြီး သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံရမှာ ခဲယဥ်းတဲ့အခြေအနေပေါ့။ နောက်တစ်ခုက ငွေကြေးပိုင်းပေါ့ စတဲ့အခက်အခဲအစစအရာရာကို အခုချိန်ထိက ရင်ဆိုင်နေရ တုန်းပါပဲ။ အများနဲ့ဆန့်ကျင်ပြီးနေရတဲ့အနေအထားကတော့ စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုစလုံးက ကျဆင်းပါတယ်။

အခုအခြေအနေကိုလည်း ကြိုးစားပြီးတော့ တောင့်ခံနေတုန်းပါပဲ။ ဒါပေမဲ့ ဘယ်တော့မှလည်း အားမလျှော့သလို ဘယ်တော့မှလည်း အရှုံးပေးမှာမဟုတ်ပါဘူး။ အောင်ပွဲကိုမျှော်လင့်တဲ့ခံစားချက်နဲ့ ဆက်လက်လျှောက်လှမ်းနေတုန်းပါပဲ။

ကျမတို့အမျိုးသမီးတွေ လွတ်လပ်ပြီး ပျော်ရွှင်တဲ့နေ့ကိုရောက်ရှိဖို့ အားတင်းပြီး အားလုံးအတူတူရင်ဆိုင်ကျော်ဖြတ်ကြရအောင်လို့ ဒီနေ့ ကျရောက်တဲ့နိုင်ငံ တကာအမျိုးသမီးများနေ့မှာ အားပေးချင်ပါတယ်။

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...