စစ်တွေ ယဉ်ကျေးမှုပြတိုက်တွင် ကမန်နှင့်မရမာကြီး မျိုးနွယ်စုရုပ်တုများ ထားရှိပေးရန်တောင်းဆို

စစ်တွေ ယဉ်ကျေးမှုပြတိုက်တွင် ကမန်နှင့်မရမာကြီး မျိုးနွယ်စုရုပ်တုများ ထားရှိပေးရန်တောင်းဆို
ကမန်နှင့် မရမာကြီးမှလွဲ၍ အခြားသော ရခိုင်မျိုးနွယ်စုရုပ်တုများကို စစ်တွေယဉ်ကျေးမှုပြတိုက်အတွင်း တွေ့ရစဉ်။
ကမန်နှင့် မရမာကြီးမှလွဲ၍ အခြားသော ရခိုင်မျိုးနွယ်စုရုပ်တုများကို စစ်တွေယဉ်ကျေးမှုပြတိုက်အတွင်း တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့တွင်ရှိသည့် ယဉ်ကျေးမှုပြတိုက်အတွင်း ကမန်နှင့် မရမာကြီး တိုင်းရင်းသားမျိုးနွယ်စုများ၏ ရုပ်တုများထားရှိပေးရန် အဆိုပါမျိုးနွယ်စုဝင်များက တောင်းဆိုနေကြသည်။

ရခိုင်မှ မျိုးနွယ်စုဝင်များ၏ ရိုးရာဓလေ့ထုံးထမ်းများကို စစ်တွေယဉ်ကျေးမှုပြတိုက်တွင် သွားရောက် ကြည့်ရှု လေ့လာနိုင်သော်လည်း မရမာကြီးလူမျိုးနှင့် ပတ်သက်၍ လေ့လာမှတ်သားစရာ မရှိသေးခြင်းသည် ခွဲခြားထားသကဲ့သို့ ခံစားမိသည်ဟု မရမာကြီး လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်နိုင်ဦးက ပြောသည်။

“ဒီယဉ်ကျေးမှုပြတိုက်ဆိုတာက ကျနော်တို့ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှု လက္ခဏာတွေကို လေ့လာဖို့အကောင်းဆုံး တစ်စုတစ်စည်းတည်းပြသထားတဲ့ နေရာဖြစ်တယ်။ လေ့လာဖို့အတွက် အစုံပြသထားတဲ့နေရာမှာ ကျနော်တို့ မရမာကြီးလူမျိုးနဲ့ပတ်သက်ပြီး လေ့လာမယ်ဆိုရင် ဒီနေရာမှာမရှိဘူးဆိုတဲ့ဟာက ဝမ်းနည်းစရာ အင်မတန်ကောင်းတယ်လို့ မြင်မိပါတယ်”ဟု သူကပြောသည်။

စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များဖြစ်သည့် ရခိုင်၊ ဒိုင်းနက်(သက္ကမ)၊ မြို၊ ခမီ၊ သက် မျိုးနွယ်စုဝင်များ၏ ဝတ်စားဆင်ယင်မှု ရုပ်တုများ၊ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုများရှိသော်လည်း ကမန်နှင့် မရမာကြီးမျိုးနွယ်စုများ၏ ယဉ်ကျေးမှုဆိုင်ရာများကို ပြသထားမှုမရှိသေးခြင်းဖြစ်သည်။

ကမန်လူမျိုးများသည် ရခိုင်တိုင်းရင်းသားများထဲမှ မျိုးနွယ်စုဝင်တစ်ခု ဖြစ်သည့်အတွက် သမိုင်းဆိုင်ရာယဉ်ကျေးမှုများကို အများပြည်သူ သိရှိလေ့လာနိုင်အောင် ဖော်ပြထားရန် လိုအပ်သည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒု-ဉက္ကဌ ဦးတင်ငွေက ပြောသည်။

“နိုင်ငံတော်က တရားဝင်ပြဌာန်းထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်။ ရခိုင်ပြည်မှာ မျိုးနွယ်စု ၇ ခုရှိတယ်။ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် တရားဝင် အသိမှတ်ပြုထားတော့ ကျနော်တို့ ရိုးရာဝတ်စုံတစ်ခုအနေနဲ့ ပြသထားဖို့တော့ လိုပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

စစ်တွေမြို့တွင်ရှိသည့် ယဉ်ကျေးမှုပြတိုက်ကို ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကပင် ကမန်နှင့် မရမာကြီး လူမျိုးများ၏ ရုပ်တုများနှင့် သမိုင်းဆိုင်ရာများကို ပြသထားမှု မရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရုပ်တုနှင့် သမိုင်းဆိုင်ရာယဉ်ကျေးမှုများကို ပြတိုက်အတွင်းထားရှိရန် စစ်တွေယဉ်ကျေးမှုပြတိုက် တည်ဆောက်ချိန်မှစ၍ တောင်းဆိုခဲ့ကြပြီး ၂၀၁၇ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတောင်းဆိုမှုများ လုပ်ဆောင်ခဲ့သော်လည်း ယနေ့အချိန်ထိ ဥပေက္ခာပြုခံထားရဆဲ ဖြစ်သည်ဟု မရမာကြီးစာပေနှင့် ယဉ်ကျေးမှုအသင်း၏ နာယကဆရာတော် ဘဒ္ဒန္တဝရက မိန့်ကြားသည်။

“မရမာကြီး မျိုးနွယ်စုရုပ်တုကို ထားရှိနိုင်ရေးအတွက် ဦးဇင်းတို့ နိုင်ငံတော်အဆင့် တင်ပြမယ်ဆိုပြီးတော့ မေးလိုက်တဲ့အခါမှာ ဦးဇင်းတို့ကိုဖြေတာက ၁၉၉၁ ခုနှစ်ကနေပြီးတော့ ပြတိုက်တာဝန်ရှိသူတစ်ဦးက စစ်တွေမြို့က ဦးမောင်စိန်(မရမာကြီးလူမျိုး)ဆီကို အကြောင်းကြားတယ်တဲ့၊ ပိုက်ဆံသုံးသောင်းတောင်းတယ်။ အဲဒီလိုတောင်းတဲ့အခါ ဦးမောင်စိန်ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပိုက်ဆံမပေးလိုက်တဲ့အခါမှာ အဲဒီရုပ်တုကို ဒီကနေ့ ၂၀၂၃ နှစ်အထိ ပြသထားခွင့်မရှိတာကို ဦးဇင်းတို့တွေ့ရတယ်”ဟု ဆရာတော်က မိန့်သည်။

ယဉ်ကျေးမှုပြတိုက်အတွင်း ကမန်နှင့် မရမာကြီးလူမျိုးများ၏ ရုပ်တုများ မရှိခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ DMG က သွားရောက်မေးမြန်းရာ အဆိုပါကိစ္စမှာ တိုင်းရင်းသားလူမျိုးရေးရာနှင့် မသက်ဆိုင်သည့်အတွက် ဖြေဆိုခွင့်မပေးနိုင်ကြောင်း တုန့်ပြန်သည်။

ရခိုင်မျိုးနွယ်စုဝင်များထဲတွင် ရခိုင်၊ ဒိုင်းနက်(သက္ကမ)၊ မြို၊ ခမီ၊ သက်၊ ကမန်၊ မရမာကြီး ဟူ၍ မျိုးနွယ်စု ၇ ခုရှိပြီး ရခိုင်ပြည်အတွင်း ရှေးခေတ်အဆက်ဆက်ကပင် အတူယှဉ်တွဲနေထိုင်လာကြခြင်း ဖြစ်သည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...