ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လ၀ကအချုပ်ထဲမှ လွတ်ရက်စေ့၍ ပြန်ပို့ခံရသူ မြန်မာနိုင်ငံသား ၆၇၀ ဦးအထဲမှ ရခိုင်လူမျိုး ၁၁၁ ဦးကို စစ်ကောင်စီက ရေတပ်သင်္ဘောဖြင့် ရခိုင်ပြည်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိသည်။
ပြန်လည်ပို့ဆောင်ပေးခြင်းခံရသည့် ရခိုင်လူမျိုး ၁၁၁ ဦးတွင် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များမှ လူဦးရေ ၈ဝ ဦးနှင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များမှ လူဦးရေ ၃၁ ဦးတို့ပါဝင်ကြသည်။ သူတို့အထဲတွင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သိရသည်။
သူတို့အနက် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များမှ လူဦးရေ ၃၁ ဦးသည် ဖေဖော်ဝါရီလ ၆ ရက် နံနက်တွင် စစ်ရေယာဉ်အနော်ရထားဖြင့် ကျောက်ဖြူမြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ကျန် ၈ဝ ဦးကိုလည်း ယင်းစစ်ရေယာဉ်ဖြင့်ပင် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းသို့ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်လာသူများကို ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းအပါအဝင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြိုဆို တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “စစ်တွေ ရွှေမင်းဂံကနေတဆင့် နေရပ်ပြန်လည် ရောက်ရှိလာသူတွေကိုတော့ ဝန်ကြီးချုပ်နဲ့အဖွဲ့က အားပေးစကားတွေပြောတယ်။ ထောက်ပံ့ငွေ တချို့လည်း ပေးအပ်ခဲ့တယ်”ဟု ပြောသည်။
လက်ရှိတွင် နေရပ်ပြန်လည်ရောက်ရှိလာသူများသည် သူတို့၏နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြပြီဖြစ်သည်။
ထိုင်းနိုင်ငံ ရနောင်းမြို့ လ၀က အကျဉ်းထောင်ထဲတွင် လွတ်ရက်စေ့ မြန်မာနိုင်ငံသား ကို ပြန်မလွတ်ဘဲ လပေါင်းများစွာ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားသဖြင့် အချုပ်ထောင်ထဲတွင် ဆန္ဒပြပွဲပြုလုပ်ပြီး ၎င်းတို့ကို ပြန်ပို့ရန် တောင်းဆိုကြရာမှ ဖေဖော်ဝါရီ ၂ ရက်က မြန်မာနိုင်ငံသား ၆၇၀ (အမျိုးသား ၅၃၄ ဦး အမျိုးသမီး ၁၃၆ ဦး) ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ရခိုင်တွင် လျှပ်စစ်မီးပြည့်ဝစွာမရရှိသည့်အပြင် စက်ရုံအလုပ်ရုံများမရှိသည့်အတွက် အလုပ်အကိုင် ရှားပါးလျက်ရှိရာ ရခိုင်လူထုအများစုသည်လည်း ထိုင်း၊ မလေးရှားနှင့် တရုတ်စသည့် ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာနေကြသည်မှာ နေ့စဉ် ရာနှင့်ချီရှိနေပြီး လက်ရှိ အပို့ခံရသူများသည်လည်း ထိုကဲ့သို့ တရားမဝင် သွားခဲ့ကြသူများဖြစ်ကြသည်ဟု သိရသည်။
ယင်းအနက် အများစုသည် နယ်စပ်ရဲများ၏ဖမ်းဆီးနှိပ်စက်ချုပ်နှောင်ထောင်ချခြင်းများကိုလည်း ခံနေကြရပြီး အခက်အခဲအမျိုးမျိုးဖြင့် ကြုံနေကြရသည်ဟုလည်း သူတို့အရေးလှုပ်ရှားဆောင်ရွက်နေသူများမှ သိရသည်။







