မြောက်ဦးနန်းရာကုန်းပေါ်တွင် ကျောက်ခင်းလမ်းပြုလုပ်မှုကန့်ကွက်ခံရ

မြောက်ဦးနန်းရာကုန်းပေါ်တွင် ကျောက်ခင်းလမ်းပြုလုပ်မှုကန့်ကွက်ခံရ
ဓာတ်ပုံ - Daw Khin Thain
ဓာတ်ပုံ - Daw Khin Thain

မြောက်ဦးမြို့၊ နန်းရာကုန်း ပထမအဆင့်တွင် ကျောက်ခင်းလျှောက်လမ်းပြုလုပ်မှုအပေါ် ကန့်ကွက်မှုများရှိနေ၍ ၎င်းလမ်းခင်းမူကို  ပြန်လည်ဖျက်သိမ်းရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့  ဥက္ကဋ္ဌဒေါ်ခင်သန်းက "ကျွန်မတို့ဒီနေ့ နန်းရာကုန်းကိုသွားပြီးတော့ လေ့လာကြည့်ခဲ့ပါတယ်။ နန်းတော်ရာကုန်း သာယာလှပရေး စီမံကိန်းနဲ့ နန်းရာကုန်းပေါ်မှာ ကျောက်ခင်းလမ်းလုပ်နေတာကိုတွေ့ခဲ့ရတယ်။  ဒါက ရှေးဟောင်းနယ်မြေမှာ မသင့်တော်ပါဘူး။ လုံးဝမသင့်တော်တဲ့လုပ်ရပ်လို့လည်းမြင်တယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေနဲ့ ကျွန်မတို့ညှိနိူင်းခဲ့ကြတယ်။ သူတို့ကလက်ခံတယ်။ ဒီလူသွားလမ်း ကျောက်ခင်းလမ်းကို ပြန်ဖျက်သိမ်းဖို့လို့ သူတို့ကပြောတယ်။ သူတို့ ဖျက်သိမ်းမှာပါ" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါနန်းရာကုန်းပထမအဆင့်၌ ကျောက်ခမ်းလျှောက်လမ်းကို ဇန်နဝါရီလ အစောပိုင်းလောက်က မြောက်ဦးရှေးဟောင်းသုတေသနဌာနမှ နန်းတော်ကုန်းသာယာလှပရေးစီမံချက်ဖြင့် သစ်ပင်စိုက်ခြင်း၊ ထိုင်ခုံတန်းများပြုလုပ်ခြင်းအပြင် လူသွားလမ်းအဖြစ် ကျောက်ခင်းလျှောက်လမ်းပြု လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

မြောက်ဦး မြို့ခံတစ်ဦးက" ကျွန်တော်တို့ မသင့်တော်ဘူးလို့ မြင်တယ်။ ရှေးဟောင်းသမိုင်းဝင် နေရာတွေမှာ ကတ္တရာလမ်းမခင်းရဘူး။ ဘယ်လောက်ပဲပျက်စီးနေ၊ ပြိုပျက်နေပါစေ။  ဒါတွေက ရှေးဟောင်းအမွေ အနှစ်တွေဖြစ်တယ်။ အခု နန်းရာအပေါ်ဆုံးထပ်မှာ ကျောက်ခင်းလမ်း လုပ်တာက လုံး၀မသင့်တော်ဘူး။ သမိုင်းဝင်အမွေအနှစ်ကို ဖျက်ဆီးတာနဲ့ တူတယ်။ မပြုပြင်ပဲဒီအတိုင်းထားတာက ပိုကောင်းတယ်လို့မြင်တယ်။ ကြည့်လိုက်တာနဲ့ နှစ်တွေဘယ်လောက်အကြာကဆိုတာကို မှန်းဆစေချင်တယ်။ ပြုပြင်မွမ်းမံတာက ပြုပြင်မွမ်းမံတာတစ်ပိုင်းပေါ့။ အခုက လမ်းခင်းတာဆိုတော့ မဖြစ်သင့်ဘူးလေ" ဟု သူ၏ အမြင်ကိုပြောသည်။

မြောက်ဦးရှိရှေးဟောင်းသမိုင်းဝင်နေရာများတွင် ဓာတ်မီးတိုင်များစိုက်ထူမူရှိခဲ့ခြင်း၊ နန်းရာကုန်းများ၌ ကျောက်ခင်းလျှောက်လမ်းပြုလုပ်ခြင်းတို့မှာ ရှေးဟောင်းအမွေအနှစ်များကိုထိန်းသိမ်းရာမရောက်ပဲ ဖျက်ဆီးရာသာ ရောက်သည်ဟုသူ၏ အမြင်ကိုပြောဆို သည်။

ယင်းကျောက်ခင်းလမ်းပြုလုပ်မှုအပေါ် ကန့်ကွက်မှုများ ပေါ်ထွက်လာပြီးနောက် လမ်းခင်းမှုကို ဆိုင်းငံ့ထားပြီး  ပြုလုပ်ပြီးစီးနေသည့် လမ်းတစ်ချို့ကိုလည်း ပြန်လည်ဖျက်သိမ်းမည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြောက်ဦးရှေး ဟောင်းသုတေသနဌာနမှ ညွန်ကြားရေးမှူး ဦး ကြည်ခင်ကို နိရဉ္စရာသတင်းဌာနမှဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မြောက်ဦး၊ ထုက္ကန်သိမ်ဘုရားဧရိယာအတွင်း ဓာတ်မီးတိုင်များ စိုက်ထူမူပြုလုပ်ခဲ့ကာ ရှေးဟောင်းအမွေအ နှစ်များကို ထိခိုက်မှုရှိနေ၍ ပြန်လည်ဖျက်သိမ်း ပေးခဲ့ရသည်။

မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင် မင်းစောမွန်က ခရစ်သက္ကရာဇ်  ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်ဘုရားတပ်မျ မြောက်ဦးကို ဝင်တိုက်ပြီး နန်းတော်ကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကာ နန်းတော်ကိုလည်း အနီးအနားရှိ တောင်များကို ဖြိုဖျက်တူးယူ၍ မြေဖို့ပစ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...